ဆန္ဒနှင့် ‘တခြားဘဝစာမျက်နှာ’
(ဩဂုတ်လ ၈ ရက်၊ ၂၀၂၄ ခုနှစ်) ကေအိုင်စီ
“.. အလင်းရောင်လေးရေ ဘယ်ဆီမှာမင်း လင်းလက်လို့နေလဲ
ဟိုအဝေးက မင်းလေးရဲ့ခေါ်သံ ခြေရာခံရင်း တွေ့တဲ့အထိရှာမယ်……..”
သံပြိုင်သီချင်းသံ တစ်သံက အရိပ်မိုးလေးတစ်ခုအောက်မှ တိုးထွက်လာနေသည်။ လူငယ် သူငယ်ချင်းတစ်စု၏ ယခုလို သီဆိုသံကို တစ်လခြား သို့မဟုတ် နှစ်လခြား တစ်ခါလောက်တွင်မှ ကြားရလေ့ရှိသည်။
အဆိုပါ လူငယ်စုထဲတွင် ဂီတာတီးရင်း သီချင်းဆိုသူက ဆို၊ ဆေးလိပ်ဖွာရင်း စကားဝိုင်းဖွဲ့ပြောနေသူက ပြောနေကြသည်။ သူတို့ စုဝေးနေသည့် နေရာလေးက လမ်းဘေး ပလက်ဖောင်းတစ်ခုလည်း မဟုတ်သလို အိမ်တစ်အိမ်လည်း မဟုတ်ပေ။
ဘားတိုက်ဟုခေါ်သည် တပ်သားများ နေထိုင်ရန် ဆောက်လုပ်ထားသည့် ပေ ၄၀ ခန့် အလျားရှိ သစ်သား အကာအရံ သွပ်မိုးအုပ်နှင့်တစ်ထပ်တန်းလျားရှည် အဆောက်အဦးလေးတစ်ခုဖြစ်ပေသည်။
ထိုနေရာလေးသည် ရှေ့တန်းစစ်မျက်နှာပြင်မှ ပြန်လာသော ကရင်တော်လှန်ရေးရဲဘော်တို့ အနားယူရာ ယာယီနေရာလေးတစ်ခုလည်း ဖြစ်သည်။ သူတို့ထဲတွင် ပညာတတ်၊ နည်းပညာကျွမ်းကျင်သူ အနုပညာဝါသနာရှင်များ ပါဝင်နေသည်။
“ကျနော်က ကွန်ပျူတာကျောင်းသား၊ အိုင်တီသမား၊ Programming Language တော်တော်များများကို ရတယ်။ ဒါပေမယ့် အခုတော့ မေ့နေပါပြီ။ ပြန်လေ့ကျင့်မှုလည်း မရှိတော့….. အိမ်ကို မန္တလေးသွားမယ်လို့ ပြောခဲ့ပြီး အခုဒီကိုရောက်လာခဲ့တယ်။ အဲဒီလက်နက်အားကိုးရမ်းကားနေတဲ့သူကို ပြန်ချချင်လို့” ဟု အသက် ၂၄ နှစ်အရွယ် ရဲဘော်ကိုဇွဲက သူငယ်ချင်းများကို လှမ်းကြည့်ရင်း ပြောသည်။
ရဲဘော်ကိုဇွဲသည် ကွန်ပျူတာတက္ကသိုလ်မှ ကျောင်းသားတစ်ဦးဖြစ်ပြီး ဘွဲ့ရရန် တစ်နှစ်အလိုမှာပင် အာဏာသိမ်းမှုကြောင့် ကျောင်းဆက်မတက်တော့ဘဲ လက်နက်ကိုင်လမ်းစဉ်ကို ၂၀၂၁ခုနစ်၊ နိုဝင်ဘာလ (၁၁ လပိုင်း)မှာ ရွေးချယ်ခဲ့သူ ဖြစ်သည်။
ရဲဘော်ကိုဇွဲအပါအဝင် အသက် ၂၄ မှ ၃၅နှစ် ဝန်းကျင်ရှိ အဆိုပါ ရဲဘော်များသည် ရှေ့တန်းစစ်မြေပြင်သို့ လနဲ့ချီသွားရောက် တာဝန်ထမ်းဆောင်နေချိန်တွင် လက်နက်ကိုင် တော်လှန်ရေးခရီးကြမ်းကို ဖြတ်သန်း ကြရသည်။ ရှေ့တန်းမှ နောက်တန်းသို့ ပြန်ရောက်အနားယူချိန်တွင်တော့ မတူသော ဖြတ်သန်းမှုပုံစံများဖြင့် စစ်မက်ကင်းသော နာရီများကို ကုန်ဆုံးလေ့ရှိကြသည်။
ထိုဘားတိုက်လေးထဲတွင် ရဲဘော်များအကြား စစ်ဆိုသည့် ရာထူးအဆင့်နှင့် အမုန်းတရားများ မရှိ။ သူငယ်ချင်း အပေါင်းအသင်း ညီအစ်ကိုရင်းခြာများသဖွယ် စကားစမြည်ပြော စနောက်ရင်း သူတို့အတွက် တန်ဖိုးရှိသော အချိန်များကို ကုန်လွန်ကြခြင်းဖြစ်သည်။
ဤနေရာလေးမှာ ကေအဲန်ယူ – ကရင်အမျိုးသားအစည်းအရုံးထိန်းချုပ်နယ်မြေတစ်ခုတွင် တည်ရှိသည်။ လက်နက်အားကိုး အနိုင်ကျင့်မှုကိုခံခဲ့ရသောကြောင့် နာကျည်းမှုဖြင့် စစ်အာဏာရှင်ကို အမြစ်ဖြတ်တွန်းလှန်ရန် ကြမ်းတမ်းသော လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့ကြသူများ စုဝေးရာ နေရာလည်း ဖြစ်သည်။
စစ်တိုက်နေချိန်ဆိုလျှင် လူကြမ်းကြီးများပမာဆိုသော်လည်း တိုက်ပွဲများ၏ နောက်ကွယ်တွင်တော့ ထိုလူငယ်ရဲဘော်အားလုံးသည် သာမန်ပြည်သူများကဲ့သို့ပင် သွားလာလှုပ်ရှားချင်ကြသူများဖြစ်သည်။
“နှစ်ဖက်လုံးက သူပစ်ကိုယ်ပစ်ပဲ ကိုယ်ချည်းပဲ ပစ်ရတာမဟုတ်ဘူး။ သူပစ်တဲ့အချိန် ကိုယ်တွေလည်း ပြေးရတာပဲ ၊ ဘယ်အချိန်လက်နက်ကြီးလာကျမလဲပဲ ကြည့်နေရတာ.. ဟိုဘက်က ခဲနဲ့ပစ်တာမှ မဟုတ်တာ.. လက်နက် ကြီးကျရင် ကိုယ့်ခန္ဓာကိုယ်ပြန်စစ်နေရတယ်။ ခြေလက်စုံသေးရဲ့လားဆိုပြီး” ဟု အသက် ၃၄နှစ် အရွယ်ရှိ တပ်ကြပ်ကြီးကိုစောက တိုက်ပွဲတွင်း အတွေ့အကြုံကို ဆိုသည်။
တပ်ကြပ်ကြီးကိုစောသည် ယခင်က ထိုင်းတွင် အင်္ဂလိပ်စာသင်ပြသော ကျောင်းဆရာတစ်ဦးဖြစ်ခဲ့သည်။ ကရင်နယ်မြေအတွင်းတွင်လည်း စာသွားသင်ရင်း စစ်အာဏာသိမ်းပြီးနောက် ၂၀၂၂ ခုနှစ်တွင် တော်လှန် ရေးဘက်သို့ ဝင်ရောက်ကာ စစ်သင်တန်းတက်ခဲ့သည်။ ယခုအချိန်တွင်လည်း သူသည် ဆရာတစ်ဦး ဖြစ်သော်လည်း သင်ပြပေးနေရသည်မှာ လက်နက်ကြီးတပ်ဆင်ပစ်ခတ်ရသည့် ပညာရပ်ပင်ဖြစ်သည်။
“တခြားစီပါပဲကွာ ဘဝအတွေ့အကြုံနဲ့ လုပ်နေရတာက… ဒါပေမယ့် ရောက်တဲ့ နေရာမှာ အကောင်းဆုံး လုပ်တယ်။ ဘာတတ်နိုင်မှာလဲ အတိတ်တွေ ပြန်မတမ်းတနေတော့ဘူး။ ဒီမှာလည်း စာပြန်သင်နေရတာပဲ သင်တန်းလိုက်ပြနေရတယ်။ အတူတူပါပဲ။ နည်းနည်းလေး ကွဲသွားတာပဲရှိတယ်၊ ကျောင်းသင်တန်းနဲ့ စစ်သင်တန်း…. စစ်သားဖြစ်ဖို့ ဘဝမှာ တစ်ခါမှ မတွေးမိဖူးဘူး” ဟု တပ်ကြပ်ကြီးကိုစောက ဆိုသည်။
မတူညီသော ဘဝများမှ တိုက်ပွဲဝင်ရန် နေရာတစ်ခုတွင် လာစုစည်းသည့် တပ်ကြပ်ကြီး ကိုစောနှင့် ရဲဘော်ကိုဇွဲတို့သည် စစ်မြေပြင်တွင် အသက်ကိုရင်း တိုက်ပွဲဝင်အပြီး နောက်တန်းပြန်ရောက် အနားယူချိန် ခဏလေးတွင်တော့ တရက်တာကို ပုံစံမျိုးစုံဖြင့် ဖြတ်သန်းနေကြခြင်းဖြစ်သည်။ ရှေ့တန်းတွင် ကြုံတွေ့ခဲ့ရသည့် အတွေ့အကြုံများကို အချင်းချင်းမျှဝေခြင်း၊ ညနေဘက်ဆိုလျှင် ခြင်းခတ်၊ ဘောလုံးကန်နှင့် တောထဲသွား အမဲလိုက်ခြင်းများကို ပြုလုပ်ရင်း အချိန်ကုန်ဆုံးကာ သာမန်လူငယ်များကဲ့သို့ပင် နေထိုင်ကြသည်။
သို့သော် ဆန္ဒနှင့်ဘဝထပ်တူမကျဘဲ တော်လှန်ရေးခရီးလမ်းကို လျှောက်လမ်းနေစဉ်ဆိုလျှင်တော့ အသက်အန္တရာယ်များကိုပါ သူတို့ ကြုံခဲ့ကြရသည်။
“ရှေ့တန်းမှာ အကြီးဆုံးတိုက်ပွဲတစ်ခုနဲ့ ကြုံဖူးတယ်၊ တစ်ရက်နဲ့ တစ်ည ထမင်းငတ်တယ်။ အလယ်မှာ ပိတ်မိနေတာ။ ကိုယ့်ကိုယ်ကို သေပြီးပဲ မှတ်တယ်။ လက်နက်ကြီးတွေကလည်း တောက်လျှောက်ပစ်တာ ခံရတယ်၊ အဲဒီမှာ တွေးမိတာ သူတို့ လာဖမ်းမိရင်တော့ ကိုယ့်ကိုယ်ကိုပဲ ပြန်ပစ်သတ်မယ်။ ကျည်တောင်ရွေးပြီးပြီ” ဟု ရဲဘော်ကိုဇွဲက သူကြုံတွေ့ခဲ့ရသည်ကို ဆိုသည်။
ယခင်က သင်ယူခဲ့သည့် အတတ်ပညာ၊ အတွေ့အကြုံ ကျွမ်းကျင်သည့် အရာများကို အတိတ်တင် ချန်ထားခဲ့ပြီး ယခုလက်ရှိတွင် လက်နက်ကိုင်ထားသည့် အဆိုပါ လူငယ်များသည် လွတ်လပ်ငြိမ်းချမ်းသော အချိန်ကာလတစ်ခု ရောက်လျှင် သူတို့ တတ်ကျွမ်းခဲ့သည့် အရာများကို နောင်လာနောက်သား အနာဂတ်လူငယ်များကို မျှဝေရင်း ဘဝကို ရိုးရိုးရှင်းရှင်းဖြတ်သန်းသွားရန် ဆန္ဒရှိကြသည်။
“တိုက်ပွဲတွေ ငြိမ်းအေးသွားတဲ့ နေ့ရောက်ရင် ဈေးဆိုင်လေးတစ်ခု ဖွင့်ပြီး အေးအေးဆေးဆေးပဲ နေသွားတော့မယ်။ စာပြန်သင်မယ်။ တိုင်းပြည်ရဲ့အနာဂတ်လေးတွေကို ကိုယ့်တတ်ထားတဲ့ ပညာတွေ မျှဝေရင်း ငြိမ်းငြိမ်းချမ်းချမ်း နေသွားမယ်” ဟု တပ်ကြပ်ကြီးကိုစောက သူ့ဆန္ဒကို ပြောသည်။
တိုင်းပြည် အာဏာကို အဓမ္မ လုယူပြီး လက်နက်အားကိုးဖြင့် အနိုင်ကျင့်သည့် စစ်အုပ်စုကြောင့် ထိုပညာတတ် အနာဂတ်တန်ဖိုးရှိ လူငယ်များသည် ဆန္ဒနှင့် ဘဝ ထပ်တူမကျဘဲ လက်နက်ကိုင်ရင်း တော်လှန်ရေး လမ်းကြောင်းထဲ ရောက်လာကြသည်။ သို့သော် သူတို့၏ စိတ်ရင်းအမှန်မှာတော့ နူးညံ့သိမ်းမွေ့ကြသည်မှာ သူတို့၏ နေထိုင်မှုပုံစံတို့က သက်သေပြလို့နေသည်။
သူတို့ဆိုသော သီချင်းလေးအတိုင်းပင် အလင်းရောင်ကို ရှာတွေ့နိုင်ရန်မှာ ထိုတော်လှန်ရေးရဲဘော်တို့၏ ရင်ထဲမှာ ဆွဲထင်နေသော ဆန္ဒတစ်ခု ဖြစ်လို့နေတော့သည်။



















