ဩဂုတ် (၂၁) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်တွင် စစ်အုပ်စုက ယခု မိုးရာသီကာလအတွင်း ဆက်တိုက် စစ်ကြောင်းထိုးမှုကြောင့် ကျေးရွာ (၁၀) ရွာထက်မနည်း ဒေသခံများ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရပြီး စားနပ်ရိက္ခာနှင့် အမိုးအကာများ အရေးပေါ် လိုအပ်နေကြောင်း စစ်ရှောင်အရေး ဆောင်ရွက်နေသူများ ထံမှ သိရသည်။
အင်အား ရာနှင့်ချီသော စစ်အုပ်စုစစ်ကြောင်းသည် ပြီးခဲ့သည့် ဩဂုတ်လ (၁၀) ရက်နေ့မှစ၍ ပြည်ထောင်စုလမ်းမကြီး၏ အရှေ့ဘက်ရှိ ကင်းရှေ့၊ စော်ဖျား၊ မိုးရွှေကုန်း၊ ဆေးဖြတ်ကုန်း၊ ကျောက်လှေကား၊ ထီးဝ၊ အင်းမနှင့် ကဒတ်ချောင်း စသည့် ကျေးရွာများကို ဆက်တိုက် စစ်ကြောင်းထိုးဝင်ရောက်လာခြင်း ဖြစ်သည်။
“လတ်တလော သရက်ချောင်းမြို့နယ်ထဲက မြောက်ပိုင်းမှာရှိတဲ့ ရွာတွေကို စစ်ကြောင်းထိုးနေတာ တောက်လျှောက်ရှိနေတယ်။ စစ်ကြောင်းကတော့ နှစ်ကြောင်း သုံးကြောင်းလောက် ခွဲပြီးထိုးနေတော့ ကျေးရွာဆယ်ရွာထက်မနည်း ဒေသခံတွေ စစ်ရှောင်နေရတယ်။ အခုက မိုးတွင်း စစ်ရှောင်နေရတာဆိုတော့ ရိက္ခာနဲ့ အမိုးအကာက အလိုအပ်ဆုံး ဖြစ်နေတယ်” ဟု စစ်ရှောင်အရေး ကူညီနေသူတစ်ဦးက ကေအိုင်စီသို့ ပြောသည်။
အဆိုပါ စစ်အုပ်စု စစ်ကြောင်းသည် စစ်ကြောင်းထိုးလာသည့် လမ်းကြောင်း တစ်လျှောက် ကျေးရွာရှိ အရပ်သားပြည်သူများကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ခဲ့သလို ရွာအတွင်းဝင်ရောက်၍ ဒေသခံနေအိမ် (၁၀၀) ကျော် မီးရှို့ဖျက်ဆီးခဲ့သေးကြောင်းလည်း ဒေသတွင်းသတင်းအရင်းအမြစ်များမှ သိရသည်။
FE5 Tanintharyi ၏ ဇွန်လ (၁၇) ရက်နေ့က ထုတ်ပြန်ချက်အရ သရက်ချောင်းမြို့နယ်အပါအဝင် တနင်္သာရီတိုင်းတွင် မေလအတွင်း တိုက်ပွဲဖြစ်ပွားမှုအကြိမ်ရေ (၅၀) ကျော်ရှိခဲ့ပြီး စစ်ရှောင်ဦးရေ (၉၃,၀၀၀) ကျော် ရှိနေသည်။



















