Home သတင်း ကေအဲန်ယူ ဒူးပလာယာခရိုင်ကွန်ဂရက်ပြီးစီး၊ ဥက္ကဋ္ဌအဖြစ် ပဒိုစောလစ္စတန် ရွေးကောက် တင်မြှောက်ခံရ

ကေအဲန်ယူ ဒူးပလာယာခရိုင်ကွန်ဂရက်ပြီးစီး၊ ဥက္ကဋ္ဌအဖြစ် ပဒိုစောလစ္စတန် ရွေးကောက် တင်မြှောက်ခံရ

737

ဇူလိုင်လ ၂၇ရက်၊ ၂၀၂၄ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်၏ ၁၇ကြိမ်မြောက် ကွန်ဂရက်တွင် ခရိုင်ဥက္ကဋ္ဌအဖြစ် ပဒိုစောလစ္စတန်အား ရွေးကောက်တင်မြှောက်ခဲ့ကြောင်း ကွန်ဂရက်တက်ရောက်ခဲ့ကြသည့် ကိုယ်စားလှယ်များက ပြောသည်။

၂၀၂၄၊ ဇူလိုင်လ၂၄ရက်မှ ၂၆ရက်နေ့အထိ ပြုလုပ်သည့် အဆိုပါ ဒူးပလာယာခရိုင် ကွန်ဂရက်တွင် ခရိုင်အဆင့် အမြဲတမ်းကော်မတီဝင်များကို ရွေးကောက်တင်မြှောက်ရာ၌ လစ်လပ်နေသည့် ခရိုင်ဥက္ကဋ္ဌနေရာကို အတွင်းရေးမှူးတာဝန် ထမ်းဆောင်ခဲ့သည့် ပဒိုစောလစ္စတန်အား မြို့နယ်အသီးသီးမှ ကိုယ်စားလှယ်များ၏ ဆန္ဒမဲဖြင့် ရွေးကောက်တင် မြှောက်ခဲ့ခြင်းဖြစ်ကြောင်း ခရိုင်ကွန်ဂရက်တက်ရောက်သူ ကိုယ်စားလှယ်တစ်ဦးက ယခုလို ပြောသည်။

“ကျနော်တို့ ခရိုင်ကွန်ဂရက်ကိုတော့ မနေ့က ပြုလုပ်ပြီးပြီ။ လစ်လပ်နေတဲ့ ခရိုင်ဥက္ကဋ္ဌနေရာကိုတော့ အရင်က အတွင်းရေးမှူးဖြစ်တဲ့ ပဒိုလစ္စတန်က ကိုယ်စားလှယ်တွေရဲ့ဆန္ဒမဲနဲ့ ခရိုင်ဥက္ကဋ္ဌ ဖြစ်လာတယ်။”ဟု အဆိုပါကိုယ်စားလှယ်က ကေအိုင်စီသို့ ပြောသည်။

ဒူးပလာယာခရိုင်ကွန်ဂရက်တွင် ဥက္ကဋ္ဌအဖြစ် ပဒိုစောလစ္စတန်၊ အတွင်းရေးမှူးအဖြစ် ပဒိုစောမောထူး၊ တွဲဖက်အတွင်းရေးမှူးအဖြစ် ပဒိုစောမိုးအဲ့ဒို့နှင့် တရားသူကြီးအဖြစ် ခရိုင်ရဲမင်းကြီး တာဝန်ထမ်းဆောင်ခဲ့သူ ပဒိုစောနေ့ထူးတို့အား ရွေးကောက်တင်မြှောက်ခဲ့ကြသည်။

၁၇ကြိမ်မြောက် ဒူးပလာယာခရိုင်ကွန်ဂရက်သို့ ကေအဲန်ယူဗဟိုမှ ဒုတိယဥက္ကဋ္ဌ ပဒိုစောဆဲဂေ၊ ဗဟိုကော်မတီဝင် ပဒိုစောပိုပိုထူးအောင်၊ ပဒိုမန်းကနေဒီတို့အပြင် မြို့နယ်အသီးသီးမှ ကိုယ်စားလှယ် ၁၁၈ဦး တက်ရောက်ခဲ့ကြသည်။

ထို့အပြင် တာဝန်မှ အနားယူထားသည့် ခရိုင်ဥက္ကဌ(ဟောင်း) ပဒိုစောရွှေမောင်းလည်း ညီလာခံပြီးဆုံးသည်အထိ ပါဝင် တက်ရောက် အကြံပေးမှုများ လုပ်ဆောင်ခဲ့သော်လည်း ဝင်ရောက်အရွေးမခံတော့ကြောင်း သိရသည်။