အောက်တိုဘာ (၂၅) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ မြဝတီ-ဖားအံ ကုန်သွယ်ရေးလမ်းကြောင်းတွင် စစ်အုပ်စုက ယခုအောက်တိုဘာလအတွင်း ထိုင်းကုန်စည်သိုလှောင်ထားသည့်နေရာများအပါအဝင် ကုန်တင်ယာဥ်များကို ဆက်တိုက် စစ်ဆေးဖမ်းဆီးမှုကြောင့် ကုန်စည်ပို့ဆောင်ရေးယာဥ်လုပ်ငန်းအချို့ ရပ်နားထားရကြောင်း သိရသည်။
စစ်အုပ်စုသည် မြဝတီမြို့ပေါ်ရှိ သိုလှောင်ရုံများနှင့် ကုန်စည်ဒိုင်များကို ရှောင်တခင် ဝင်ရောက်စစ်ဆေးရုံမျှမက သင်္ဃန်းညီနောင်၊ ကော့ကရိတ်၊ ကျုံဒိုး၊ သာမညနှင့် ဇာသပြင် စသည့် စစ်ဆေးရေးဂိတ်များတွင်ပါ စစ်ဆေးဖမ်းဆီးမှုများ ပြုလုပ်နေခြင်းဖြစ်သည်။
“ကားသမား တော်တော်များများ နားကြတယ်။ အဖမ်းအဆီး တအားကြမ်းလို့လေ။ မြဝတီမြို့ထဲမှာလည်း ဖမ်းတယ်။ ဟိုရက်က သာမညမှာလည်း ဖမ်းတယ်။ ထမင်းဆိုင်ထဲမှာလည်း ဝင်ဖမ်းသွားတယ် ကားတွေအများကြီးပဲ” ဟု ဖားအံ-မြဝတီလမ်းပိုင်း ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
ထိုသို့ ရက်သတ္တပတ်ထက်မနည်း လုပ်ငန်းရပ်နားထားရ၍ ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းများအတွက် ငွေကြေးဆုံးရှုံးနစ်နာမှုရှိသလို အငှားယာဥ်မောင်းနှင့်ယာဥ်နောက်လိုက်များအတွက် စားဝတ်နေရေး ထိခိုက်မှုရှိကြောင်း လုပ်ငန်းရှင်များထံမှ သိရသည်။
ပြီးခဲ့သည့်ရက်ပိုင်းကလည်း မြဝတီမြို့၊ နဒီလင်းမြိုင်တံတားတွင် ထိုင်းကုန်စည် တင်ဆောင်လာသည့် ကုန်တင်ယာဥ်များကို စစ်အုပ်စု၏ခြေလျှင်တပ်ရင်း ခလရ-၂၇၅ တပ်ဖွဲ့ဝင်များက ဖမ်းဆီးလိုက်ခြင်းရှိသည်။
ဖမ်းဆီးရမိသည့် ကုန်စည်များ၊ လိုင်စင်မဲ့ကုန်တင်ယာဥ်များနှင့် ယာဉ်မောင်းများကို ၎င်းတို့ ခလရ-၂၇၅ တပ်ရင်းနေရာသို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်အထိ ပြန်လွှတ်မပေးသေးဟု ဖားအံ-မြဝတီမော်တော်ယာဥ်လုပ်ငန်း အသိုင်းအဝိုင်းက ဆိုသည်။
ထို့အတူ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းရှိ သာမန်ကုန်စည်ပို့ဆောင်သူများနှင့် လုပ်ငန်းရှင်များကိုသာ စစ်အုပ်စုက ပစ်မှတ်ထားနေပြီး လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ဆက်စပ်ပတ်သက်နေသည့် ကုန်သိုလှောင်ရုံများကို ချန်လှပ်ထားသည့်အပေါ် မြို့ခံလုပ်ငန်းရှင်များအကြား ဝေဖန်မှုများထွက်ပေါ်နေသည်။
တဖက်တွင်လည်း ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းများ ရပ်နားထားရသဖြင့် လာမည့်ကာလအတွင်း ကုန်စည်ဖြန့်ဖြူးမှုများ ကြန့်ကြာလာခြင်းမှ လုံးဝရပ်တန့်သွားခြင်းနှင့် ဒေသတွင်း ကုန်ဈေးနှုန်း ပိုမိုကြီးမြင့်လာမည့်အရေး ဒေသခံများကစိုးရိမ်နေကြသည်။
လက်ရှိအချိန်သည် နိုင်ငံခြားငွေနှုန်းထားများမြင့်တက်၍ မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းနေချိန်လည်း ဖြစ်ခြင်းကြောင့် စစ်အုပ်စု၏ထိုင်းကုန်စည်ဖမ်းဆီးမှုအပေါ် ကုန်သည်များအနေဖြင့် ပစ္စည်းလက်ဝယ်ရှိသည့်တိုင်အောင် ဈေးကွက်အတွင်းသို့ ပုံမှန်ဖြန့်ဖြူးရောင်းချရန် အခက်အခဲရှိကြောင်း သိရသည်။


















