ဇူလိုင်လ ၂၇ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ ညောင်လေးပင်ခရိုင်/ တပ်မဟာ(၃)၊ မုန်းမြို့နယ်တွင် စစ်ကောင်စီ၏ စစ်ကြောင်းထိုး ပစ်ခတ်မှုများကြောင့် စစ်ဘေးရှောင်တိမ်းရသည့်အပြင် တောင်ကျရေနှင့်မြစ်၊ ချောင်းရေမြင့်တက်သဖြင့် ရေဘေးပါကြုံတွေ့နေရ၍ စားနပ်ရိက္ခာနှင့် ဆေးဝါးလိုအပ်ချက် ကြီးမားနေကြောင်း KNU မုန်းမြို့နယ် ပြောရေးဆိုခွင့်ရှိသူထံမှ သိရသည်။
ဇူလိုင်လအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပြီးခဲ့သည့်ရက်ပိုင်းမှစ၍ တောင်ကျ ချောင်းရေကျဆင်း၍ စစ်တောင်းမြစ်ရေနှင့်ချောင်းရေများ မြင့်တက်လာသဖြင့် မုန်းမြို့နယ် စစ်တောင်းမြစ်အရှေ့ဘက်တစ်လျှောက်ရှိ ဒေသခံပိုင် နေအိမ်၊ လယ်မြေနှင့်အိမ်မွေးတိရစ္ဆာန်များ ရေနစ်မြှုပ်ဆုံးရှုံးမှုဖြစ်ပွားလျက်ရှိသည်။
ထို့ကြောင့် စားနပ်ရိက္ခာနှင့်ဆေးဝါးလိုအပ်ချက်များရှိလာသည့်အပြင် လမ်းပိုင်းရေကျော်မှုများကြောင့် သွားလာရေးခက်ခဲနေသည်ဟု မုန်းမြို့နယ် ကေအဲန်ယူ၏ပြောရေးဆိုခွင့်ရှိသူ အမျိုးသားက ပြောသည်။
“စစ်တောင်းအရှေ့ခြမ်းကရွာတွေ လယ်တွေ အကုန်ရေမြှုပ်တယ်၊ တနေ့ ညနေပိုင်းက ဘာမှမရှိဘူး ။ ည(၁၂)လောက်ကျတော့ရေတက်လာတာ စစ်ရှောင်တွေမွေးထားတဲ့ ကြက်တွေဘဲတွေဝက်တွေ သေကုန် မျှောကုန်တယ်။ စားနပ်ရိက္ခာနဲ့ဆေးဝါးတွေလိုတယ်။ စစ်ရှောင်ပြည်သူတွေက ဒီဘက်ကုန်းမြင့်ပိုင်းကိုပြန်လာဖို့သံလမ်းတစ်လျှောက်က ရေကျော်တက်ပြီး တံတားတွေပျက်တာလည်းရှိတော့ လှေနဲ့သွားရမလိုဖြစ်နေတယ်” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

လက်ရှိတွင် ရေဘေးသင့်ပြည်သူများအား ကေအဲန်ယူ၏မြို့နယ်တာဝန်ရှိသူများက ကရင် အရပ်ဘက်အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့နှင့် ပူးပေါင်း၍ ကုန်းမြင့်ပိုင်းဘေးလွတ်ရာနေရာများသို့ ရွှေ့ပြောင်းပေးနေပြီး ကယ်ဆယ်ရေးလုပ်ဆောင်ရာတွင် ရေစီးကြမ်းတမ်းသဖြင့် စက်လှေလိုအပ်လျက်ရှိသည်ဟုလည်း ၎င်းက ဖြည့်စွက်ပြောပြသည်။
လက်ရှိတွင် ညောင်လေးပင်ခရိုင်အပြင် ကေအဲန်ယူထိန်းချုပ်သည့် သထုံခရိုင်၊ ဒူးပလာယာခရိုင်နှင့် ဖားအံခရိုင်ရှိ မြို့နယ်များတွင် ရေကြီးရေလျှံမှုအဖြစ်များနေပြီး ခရိုင်အလိုက်တာဝန်ရှိသူများမှ ရေ ဘေးသင့် ကျေးရွာ၊ ပြည်သူစာရင်းကောက်ခံမှုနှင့် အကူအညီပေးမှုဆောင်ရွက်နေသော်လည်း စစ်ပွဲဇုန်ဖြစ်နေသည့်နေရာများတွင်မူ အကူအညီပေးရန်ခဲယဥ်းကြောင်း ကေအဲန်ယူဗဟို၏ ပြောခွင့်ရ ပဒိုစောကလယ်စေးထံမှ သိရသည်။
ပဒိုစောကလယ်စေးက “လက်ရှိစစ်ပွဲဖြစ်နေတဲ့နေရာတွေမှာသွားပြီး ရေဘေးသင့်ပြည် သူစာရင်းကောက်ခံမှုနဲ့ အကူအညီပေးမှုကတော့ နည်းနည်းခက်တယ်။ ကျန်နေရာတွေမှာတော့ ဘယ်လိုတွေ့ကြုံနေရလဲ ဘယ်လောက်ဖြစ်နေလဲဆိုတာ တာဝန်ရှိသူတွေက သွားရောက်လေ့ လာနေတယ်။ နေရာရွှေ့ပြောင်းမှုက နဂိုကတည်းက စီစဥ်ထားပြီးသားပါ။ စားနပ်ရိက္ခာ ပေးဝေမှုအပိုင်းကတော့ အခက်အခဲရှိပါတယ်။” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။
ညောင်လေးပင်ခရိုင်သည် ကေအဲန်ယူထိန်းချုပ်နယ်မြေများအနက် စစ်ဘေးရှောင်အရေအတွက် အများဆုံး ခရိုင်တစ်ခုလည်းဖြစ်ပြီး ရေဘေးအန္တရာယ်ကြောင့် မုန်းမြို့နယ်အပါအဝင် ကျန်ရှိ ကျောက်ကြီးမြို့နယ်နှင့်ရွှေကျင်မြို့နယ်တို့တွင်လည်း လူသားချင်းစာနာမှုအကူအညီများလိုအပ်နေသည်ဟု ကေအဲန်ယူ-ဗဟိုက ယနေ့ထုတ်ပြန်ထားသည်။



















