Home သတင်း ဒု-ဥက္ကဋ္ဌဟောင်း ပဒိုနော်စီဖိုးရာစိန်၏ နောက်ဆုံးခရီး လက်ရှိ KNU ခေါင်းဆောင်များအပါအဝင် အသိမိတ်ဆွေ ၅၀၀ နီးပါးလိုက်ပါပို့ဆောင်

ဒု-ဥက္ကဋ္ဌဟောင်း ပဒိုနော်စီဖိုးရာစိန်၏ နောက်ဆုံးခရီး လက်ရှိ KNU ခေါင်းဆောင်များအပါအဝင် အသိမိတ်ဆွေ ၅၀၀ နီးပါးလိုက်ပါပို့ဆောင်

664

ဇူလိုင် ၂၇ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ထိုင်း-မြန်မာနယ်စပ်တစ်နေရာတွင် ယနေ့ပြုလုပ်သည့် KNU-ကရင်အမျိုးသားအစည်းအရုံး ဒု-ဥက္ကဋ္ဌဟောင်းဖြစ်သူ ပဒိုနော်စီဖိုးရာစိန်၏ ဈာပန အခမ်းအနားကို လက်ရှိ ကေအဲန်ယူ ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းနှင့် ဗဟိုခေါင်းဆောင်အများအပါအဝင် အသိမိတ်ဆွေ (၅၀၀) နီးပါး လိုက်ပါပို့ဆောင်ခဲ့ကြသည်။

ကရင်အမျိုးသမီးအစည်းအရုံး-KWO ခေါင်းဆောင်ဟောင်းလည်းဖြစ်၊ လက်ရှိ အကြံပေးပုဂ္ဂိုလ်ဖြစ်သူ ပဒို နော်စီဖိုးရာစိန်၏ နောက်ဆုံးခရီး ဈာပနအခမ်းအနားသို့ ကေအဲန်ယူ ကေအဲန်ယူ ဥက္ကဋ္ဌနှင့် အရပ်ဘက် ၊ စစ်ဘက် အရပ်ဘက်ဗဟိုခေါင်းဆောင်များ၊ မဟာမိတ်ခေါင်းဆောင်များနှင့် အရပ်ဖက်အဖွဲ့ အစည်းခေါင်းဆောင်အများအပြားပါဝင်တက်ရောက်ပို့ဆောင်ပေးခဲ့ ခြင်းဖြစ်သည်။

ဈာပနအခမ်းအနား တက်ရောက်လာသူ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ-RCSS အကြံပေး ဦးခွန်ဆိုင်က “ခေါင်းဆောင်တစ်ယောက်မရှိတော့ဘူးဆိုရင် အနည်းနဲ့ အများ အမြဲထိခိုက်တာပဲ။ သူက ဦးဆောင်သွားတာကိုး။ နောက်ပြီးတော့ သူဦးဆောင်သွားတာကလည်း ငြိမ်းချမ်းရေးအတွက် ဦးဆောင်သွားတာဖြစ်တယ်။ ဒီငြိမ်းချမ်းရေးအတွက် အင်မတန်မှ ငတ်မွတ်တောင့်တနေတဲ့ ပြည်သူတွေအတွက်တော့ နစ်နာမှုကြီးတစ်ခုပါပဲ” ဟု စျာပနအခမ်းအနားတွင် ကေအိုင်စီသို့ ပြောသည်။

ပဒိုနော်စီဖိုးရာစိန်သည် ပြီးခဲ့သည့် ဇူလိုင်လ (၂၄) ရက်နေ့ မွန်းလွဲ ၂ နာရီ ၂၂ မိနစ် အချိန်တွင် ထိုင်း-မြန်မာ နယ်စပ်ရှိ ၎င်း၏ နေအိမ်၌ ကွယ်လွန်သွားခဲ့ခြင်းဖြစ်ပြီး ကွယ်လွန်ချိန်တွင် အသက် (၆၉) နှစ်ရှိပြီဖြစ်သည်။

ကရင့်တော်လှန်ရေးတွင် ပညာရေး၊ အမျိုးသမီးရေးရာ၊ ကလေးသူငယ်အခွင့်အရေး နှင့် နိုင်ငံရေး အခန်း ကဏ္ဍများတွင် တာဝန်မျိုးစုံ ထမ်းဆောင်ခဲ့ပြီးနောက် ကေအဲန်ယူ၏ (၁၄) ကြိမ်မြောက် ကွန်ဂရက်တွင် အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံခဲ့ရသည်။ ထို့နောက် (၁၅) ကြိမ်မြောက် ကွန်းဂရက်တွင် အစည်းအရုံး၏ ဒု-ဥက္ကဋ္ဌ အဖြစ် ရွေးကောက်ခံရကာ တာဝန်ပေးအပ်ခြင်းခံခဲ့ရသည်။

ကေအဲန်ယူ ခေါင်းဆောင်မဖြစ်ခင် ၂၀၀၀ ခုနှစ်မှစ၍ ၂၀၀၈ ခုနှစ်အထိ KWO ၌ အထွေထွေအတွင်းရေးမှူးအဖြစ် ရွေးကောက်တာဝန်ပေးခြင်းခံရပြီး အမျိုးသမီးများအဖွဲ့ချုပ် မြန်မာနိုင်ငံ (WLB) ဖွဲ့စည်းတည်ထောင်ရာတွင်လည်း သဘာပတိ အဖွဲ့အဝင်တစ်ဦးအဖြစ် ပါဝင်ခဲ့သည်။

သူမသည် ကေအဲန်ယူ၏ အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်နေစဉ် ကေအဲန်ယူ၏ အပစ်ရပ်ဆွေးနွေးရေးအဖွဲ့ကို ဦးဆောင်ကာ ၂၀၁၂ ခုနှစ်၊ ဧပြီလ ၆ ရက်နေ့တွင် ရန်ကုန်မြို့၌ ပြည်ထောင်စု အဆင့် အပစ်ရပ် ဆွေးနွေးပွဲတွင် ပါဝင်ခဲ့ပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ထဲထဲဝင်ဝင် ပါဝင်ခဲ့ ခြင်း ကြောင့်လည်း ပြည်တွင်းပြည်ပနှင့် အခြားမဟာမိတ်ခေါင်းဆောင်များအကြား လူသိများခဲ့သည်။

ယနေ့ ပြုလုပ်သည့် သူမ၏ ဈာပနအခမ်းအနားတွင်လည်း ပြည်တွင်း ပြည်ပ ကရင်အဖွဲ့အစည်းများ၊ မဟာ မိတ်တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများဖြစ်သည့် တအာင်းအမျိုးသားလွတ်မြောက် ရေးတပ် မတော်-TNLA၊ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ-PNFC၊ အမျိုးသားညီညွတ်ရေး အစိုးရ(NUG)အပြင် အခြားသော မဟာမိတ်အဖွဲ့အစည်းအသီးသီးတို့က ပေးပို့လာသော ဝမ်းနည်းကြောင်း သဝဏ်လွှာများကို ဖတ်ကြားခဲ့သည်။

ယခုလို ပဒိုနော်စီဖိုးရာစိန် ကွယ်လွန်ခဲ့မှုအပေါ် ပြည်တွင်း၊ ပြည်ပရှိ ကရင်ပြည်သူများ ဝမ်းနည်းကြောင်း လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် ရေးသားဖြန့်ဝေကြသလို အခြားတော်လှန်ရေး မဟာမိတ်အဖွဲ့ အစည်းများလည်း ဝမ်းနည်းကြောင်း သဝဏ်လွှာများပေးပို့ခဲ့ကြသည်။ ပြည်တွင်း ပြည်ပ ကရင်အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များကလည်း လွမ်းသူ့ပန်းခွေများပေးပို့ခဲ့ကြသည်။

ပဒို နော်စီဖိုးရာစိန်သည် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA စစ်ဦးစီးချုပ်ဟောင်း နှင့် ကေအဲန်ယူ ဥက္ကဋ္ဌ ဟောင်းဖြစ်သူ ဗိုလ်ချုပ်ကြီး စောတာမလာဘော၏ သားသမီး ၈ ဦးအနက် ၅ ဦးမြောက် သမီးဖြစ်ပြီး အိမ်ထောင်မရှိသူလည်းဖြစ်သည်။