အောက်တိုဘာ (၂၅) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ထိုင်း-မြန်မာနယ်စပ်ရှိ မြဝတီကုန်သွယ်ရေးဇုန်အပါအဝင် မြို့ပေါ်ရပ်ကွက်များ၊ စစ်ဆေးရေးဂိတ်များနှင့် လမ်းပိုင်းများတွင် ယခု အောက်တိုဘာတတိယအပတ်အတွင်း စစ်အုပ်စုက ထိုင်းကုန်ပစ္စည်းများကို စစ်ဆေးဖမ်းဆီးမှု အကြိမ်ရေခပ်စိပ်စိပ် လုပ်ဆောင်လာကြောင်း မြဝတီမြို့ခံ လုပ်ငန်းရှင်အသိုင်းအဝိုင်းမှ သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာ(၁၈)ရက်မှစ၍ မြဝတီမြို့ပေါ်ရှိ ကုန်စုံဆိုင်၊ လက်ကားဆိုင်၊ ပစ္စည်းဂိုထောင်များနှင့် ကုန်တင်ယာဥ်ထားရှိရာခြံဝင်းများကို စစ်အုပ်စုကစစ်ဆေးနေခြင်းဖြစ်သည်။
အောက်တိုဘာ(၂၁)ရက်တွင် သဃ်န်းညီ နောင်၊ ရွှေကုက္ကိုလမ်းပိုင်းရှိ ကုန်စည်တင်ယာဥ်များကို စစ်အုပ်စုခြေလျှင်တပ်ရင်း ခလရ-၂၇၅ တပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့သည်ဟု ထိုင်းကုန်စည်ပို့ဆောင်နေသည့် လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
“မြဝတီ(၂၇၅)တပ်က အဖွဲ့တွေက ဇုန်ထဲက ဂိုထောင်တွေ၊ မြို့ထဲကဂိုထောင်တွေ အမှတ်(၅)တို့ ကြံခင်းလမ်းတို့ ရွာသစ်တို့ဘက်ကဂိုထောင်တွေကို စစ်ပြီးဖမ်းတယ်။ အခုအမှတ်(၁) တို့ အမှတ်(၂)တို့ ဘုရင့်နောင်ဈေးကုန်းတို့က ထိုင်းကုန်လက်ကားဆိုင်ကြီးတွေပါ ဝင်စစ်နေတယ်” ဟု ၎င်းလုပ်ငန်းရှင်က ပြောသည်။
ရေပူရပ်ကွက်၊ နဒီ/ချောင်းဆုံတံတားလမ်းပိုင်းတွင် ပြီးခဲ့သည့် အောက်တိုဘာ(၂၁)ရက်က ထိုင်းကုန်စည်တင် (ဟိုင်းလတ်)ယာဥ် အစီး(၂၀)ခန့်ကို ခလရ (၂၇၅) တပ်က ဖမ်းဆီးခဲ့ရာတွင် ထိုင်းကုန်ပစ္စည်းများအပါအဝင် ယာဥ်နှင့် ယာဥ်မောင်း၊ ယာဉ်နောက်လိုက်များလည်း ပါဝင်ကြောင်း မြဝတီတွင် ကုန်တင်ကုန်ချပြုလုပ်သူများ ဆိုသည်။

မြဝတီတွင် ထိုင်းကုန်များစစ်ဆေးဖမ်းဆီးခံနေရသည့်အပေါ် မြို့ခံတစ်ဦးက “အရင်က အဖမ်းပြတာ ပြန်ရွေးရင်ရတယ်။ အခုကသိမ်းလိုက်တယ် ပြီးရင် သူတို့စစ်တပ်ကယူသွားတယ်။ ထိုင်းကုန်က တရားမဝင်ကုန်စည်ဖြစ်တော့ အောက်ဂိတ်တွေကပဲ အတင်အချနဲ့ ကူးရတာမျိုးလေ။ တံတား၂ က ဂျူတီတို့ လိုင်စင်တို့ ပါမစ်တို့က ပြန်မဖွင့်သေးတော့ ခိုးလမ်းကနေသယ်ရတာ” ဟု ကေအိုင်စီကို ပြောသည်။
ခလရ(၂၇၅)တပ်က ဖမ်းဆီးသည့်အထဲတွင် ကရင်လက်နက်ကိုင်အဖွဲ့ဝင်တချို့လည်း ပါဝင်ကြောင်း မြို့ခံသတင်းအရင်းအမြစ်များက ဆိုသော်လည်း ကေအိုင်စီ-ကရင်သတင်းဌာနအနေဖြင့် သီးခြားအတည်ပြု၍မရပေ။
ထို့အပြင် စစ်အုပ်စုသည် ထိုင်းကုန်စည်များကို သဃ်န်းညီနောင်ဂိတ်အပြင် ကော့ကရိတ်/ကိုးတိုင်စစ်ဆေးရေးဂိတ်၊ ဂျိုင်းတံတား၊ ကျားကလေးလမ်းဆုံ၊ ဇာသပြင်တံတား၊ သံလွင်တံတား၊ ဒုံသမိတံတား၊ တောင်ကလေးတိုးဂိတ် နေရာများတွင်ပါ ဖမ်းဆီး သိမ်းဆည်းမှုများရှိနေကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များအရ သိရသည်။
ထို့ကြောင့် ကရင်ပြည်နယ်အတွင်း ထိုင်းစားသောက်ကုန်၊ အိမ်ဆောက်ပစ္စည်း၊ လူသုံးကုန်၊ အလှကုန်နှင့် အသား၊ ငါး၊ အသီးအနှံ ကုန်ဈေးနှုန်းများမှာ သုံးဆမှ ငါးဆ အထိ မြင့်တက်လာသည်ဟု ဒေသခံများက ဆိုသည်။
လက်ရှိ ပို့ကုန်/သွင်းကုန် ဂျူတီ၊ ပါမစ်များဖြင့် ထိုင်း-မြန်မာနယ်စပ်ချစ်ကြည်ရေးတံတား အမှတ်(၂) မှ မြန်မာပြည်တွင်းသို့ ကုန်သွယ်ခွင့်မရရှိသေးသည့်အခြေအနေတွင် ကရင်လက်နက်ကိုင်အဖွဲ့အစည်း ဂိတ်ချနေသည့်နေရာများမှ ထိုင်းကုန်စည်များကို တရားမဝင်သယ်ယူတင်သွင်းနေရခြင်းရှိသည်။


















