ဇူလိုင်လ ၁၆ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ကော့ကရိတ်နှင့် မြဝတီ မြို့နယ်နှစ်ခုအတွင်း စစ်ကောင်စီတပ်များက မြေပြင်စစ်ကြောင်း ထိုး နေရာယူပြင်ဆင်မှုများလုပ်ဆောင်လာနေသည့်အတွက် နယ်မြေခံ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLA မဟာမိတ်ပူးပေါင်းတပ်များနှင့် ပျောက်ကြားပစ်ခတ်မှုများရှိနေရာကနေ တကျော့ပြန် တိုက်ပွဲကြီးများ ဖြစ်ပွားလာမည်ကို စိုးရိမ်နေကြရကြောင်း ဒေသခံများက ပြောသည်။
ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ် စစ်ကြောင်းနှင့် တပ်ရင်းနေရာများက လက်နက်ကြီး ပစ်ခတ် တိုက်ခိုက်မှုများ ကျေးရွာများဘက် နေ့စဉ်လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုများလုပ်ဆောင်နေသလို စစ်ရေးပြင်ဆင်မှုများ လုပ်ဆောင်နေကြောင်း မင်းလက်ပံ ဒေသခံရှောင်တိမ်းနေထိုင်သူများသူများက ပြောသည်။
မင်းလက်ပံ ရွာသားတစ်ဦးက “ပြီးခဲ့တဲ့ ၃ရက်လောက်ကတည်းက ခွေးကုန်း(စွယ်တော်ကုန်း)ကနေ လက်နက်ကြီး ပစ်ပစ်ထုတ်တယ်။ ရွာထိပ်ဘက် ကျကျပေါက်နေတာ မျိုးရှိတယ်။ ဒရုန်းတွေ လေယာဉ်တွေ ကင်းထောက်ပျံ တယ်။ မနေ့က လေယာဉ်က လေထီးနဲ့ ခွေးကုန်းကို ရိက္ခာနဲ့ ခဲယမ်းတွေ လာချတာတွေ့ရတယ်။ အခုရက်ပိုင်း တိုက်ပွဲကြီး ဖြစ်မယ့် ပုံစံကြား နေရတော့ ဖလူး၊ မင်းလက်ပံနေတဲ့ သူတွေပြောင်းနေကုန်ပြီ၊ DKBA မောင်းတံ ဂိတ်တွေလည်း နေရာ ပြောင်းဖို့ လုပ်နေကြပြီ။ လေယာဉ်လာကြဲမှာပဲ ကြောက်နေရတယ်။” ဟု ပြောသည်။
ထို့အပြင် ကော့ကရိတ် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်- စကခ ၁၂ တပ် ဝင်းအနီး ရင်ခွဲတောင်၊ မြပတိုင် ရွာ နှင့် နဘူးအခြေစိုက် ခြေမြန်တပ်ရင်း (ခမရ ၅၄၇)တပ်များက စစ်တပ်လက်နက်ကြီး ပစ်ခတ်မှုများ နေ့စဉ်လုပ် ဆောင်နေပြီး မြေပြင်စစ်ကြောင်းများနှင့် ဒေသအခြေစိုက် KNLA မဟာမိတ် ပူးပေါင်းတပ်များ နှစ်ဖက် ပျောက်ကြားတိုက်ခိုက်မှုများ ဆက်ရှိနေသည်ဟု သိရသည်။
” ကော့ကရိတ်ကတော့ မြပတိုင်လည်းပစ်၊ ရင်ခွဲတောင်ဘက်လည်းပစ်၊ အံဖကြီးဘက်လည်းပစ်၊ နဘူး ဘက် လည်း ပစ်နေတာပဲ၊ ဒီ မိုးတွင်းကတော့ ရေကတက်၊ တိုက်ပွဲက ဖြစ်နဲ့ ရွာသားတွေ ဘယ်ရှောင်လို့ ရှောင်ရမှန်း မသိဖြစ်တယ်။ လက်နက်ကြီး ကျတော့ ရွာသားသေတာ၊ ထိတာလည်း ရှိတယ်။”ဟု ထီးဖိုးစံ ဒေသခံတစ်ဦးက ပြောသည်။
လက်ရှိ ကရင်ပြည်နယ်အတွင်း ကော့ကရိတ်၊ ဖာပွန်၊ မြဝတီ၊ ကြာအင်းဆိပ်ကြီး ဘုရားသုံးဆူ ဒေသများ တွင် စစ်ကောင်စီတပ်နှင့် KNLA မဟာမိတ် ပူးပေါင်းတပ်များ တိုက်ပွဲဆက်လက်ဖြစ်ပွားနေဆဲအခြေအနေကြောင့် မြဝတီ၊ ဖားအံ၊ ဘုရားသုံးဆူ ၊ မော်လမြိုင်ထိုင်းကုန်စည်ကုန်သွယ် ရေးလမ်းကြောင်းများ ပြည်တွင်း သယ်ယူ ပို့ဆောင်မှု ခက်ခဲနေကြောင်း ဒေသခံသတင်းအရင်းအမြစ်များ ပြောဆိုချက်ရ သိရသည် ။



















