Home သတင်း လက်နက်နှင့်အတူဘက်ပြောင်းလာသော စစ်ကောင်စီတပ်သားနှစ်ဦးအား ကျပ်ငွေ(၁၀)သိန်းစီ KNU ချီးမြှင့်

လက်နက်နှင့်အတူဘက်ပြောင်းလာသော စစ်ကောင်စီတပ်သားနှစ်ဦးအား ကျပ်ငွေ(၁၀)သိန်းစီ KNU ချီးမြှင့်

719
Photo: KNU

ဇူလိုင်လ ၇ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်မဟာ ၅ထံ လက်နက်အပြည့်အစုံဖြင့် ဘက်ပြောင်း လာသော စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း (ခမရ-၅၉၉)မှ တပ်သားနှစ်ဦးအား မြန်မာကျပ်ငွေ (၁၀)သိန်းစီ ချီးမြှင့် လိုက်ကြောင်း ကေအဲန်ယူ မူတြော်ခရိုင်က ယမန်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

မူတြော်ခရိုင်ရှိ စစ်ကောင်စီ ဖားဝေါ်လိုးစခန်းမှ တပ်သား စိုးသီဟနှင့် ညီညီနိုင်တို့နှစ်ဦးသည် ယခင်လ ဇွန်လ ၂၅ ရက်နေ့ကတည်းဘက်ပြောင်းလာခြင်းဖြစ်ကာ ၎င်းတို့နှင့်အတူ MA-1 နှစ်လက်၊ ၎င်းကျည်ဘောက်(၇)ချပ်၊ ကျည် တောင့်(၄၆၅)တောင့်၊ MG-5 ၆လုံး၊ M-14 နင်းမိုင်း(၂)လုံး၊ ခွင်းဗုံး(၂)လုံးနှင့် MA-5 ပစ္စတိုတစ်လက်နှင့် ၎င်းကျည်(၁၀)တောင့် တပါတည်းယူဆောင်လာကြသည်ဟု ကေအဲန်ယူမူတြော်ခရိုင်က ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

ကေအဲန်ယူမူတြော်ခရိုင်၏ထုတ်ပြန်ချက်အရ ထိုစစ်ကောင်စီတပ်သားနှစ်ဦးသည် မဝရေစာစားသုံးနေရခြင်း၊ သောက်သုံးရေမရှိခြင်း၊ အိပ်ရေးဝဝလင်လင်မရှိခြင်း၊ စခန်းတွင်း၌သာ အချိန်ပြည့်တွင်းအောင်းနေရပြီး စိုးရိမ်ကြောက်လန့်မှုပေါင်းစုံဖြင့်နေရသည့်အပြင် အထက်ခေါင်းဆောင်များ၏အနိုင်ကျင့်နှိပ်စက်မှုများ ဆိုးဆိုးရွားရွားခံနေကြရသည်ဟု ဖော်ပြထားသည်။

အဆိုပါ ဘက်ပြောင်းခိုလှုံလာသော စစ်ကောင်စီတပ်သားနှစ်ဦးကို ၎င်းတို့၏ဆန္ဒရှိသည့်အတိုင်း ရှေ့ဆက်ဘဝရပ်တည်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးသွားဖြစ်ကြောင်းလည်း ကေအဲန်ယူမူတြော်ခရိုင်က ပြောဆိုထားသည်။

Photo: KNU