Home သတင်း တောင်ငူမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်များအတွက် ကျန်းမာရေးထောက်ပံ့မှု နှင့် မြေနေရာလိုအပ်နေ

တောင်ငူမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်များအတွက် ကျန်းမာရေးထောက်ပံ့မှု နှင့် မြေနေရာလိုအပ်နေ

710
Photo: CJ

ဇွန်လ ၁၉ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်အတွင်းရှိ နေရပ်မပြန်နိုင်သေးသည့် စစ်ဘေးရှောင် (၅,၀၀၀) ကျော်အတွက် ကျန်းမာရေးထောက်ပံ့မှုအပြင် နေစရာနေရာ အခက်အခဲများရှိလာကြောင်း တောင်ငူမြို့ လူမှု ကူညီရေး သတင်းအရင်းအမြစ်ထံမှ သိရသည်။

မုန်း၊ ကျောက်ကြီး၊ လိပ်သိုနှင့် ဇရပ်ကြီး အစရှိသောဒေသများဘက်မှ ဒေသခံများသည် တိုက်ပွဲကြောင့် တောင်ငူ မြို့နယ်အတွင်း စစ်ဘေးလာရောက်တိမ်းရှောင်ရာတွင် စစ်ရှောင်စခန်းသီးသန့်မရှိသည့်အတွက် မြို့အတွင်း အပြင်ရှိ ဘာသာရေးအဆောက်အဦးများတွင် နေထိုင်ကြရခြင်းဖြစ်ပြီး နယ်မြေမတည်ငြိမ်သေးသဖြင့် နေရပ် မပြန်နိုင်ကြခြင်းဖြစ်သည်။

လက်ရှိတွင် ၎င်းတို့အတွက် ဆေးရုံ၊ဆေးခန်းစရိတ်နှင့် ဆေးဝါးလိုအပ်ချက်များရှိလာသလို လက်ရှိစစ်ဘေး ရှောင်နေရာအတွင်း ဆက်လက်နေထိုင်၍မရတော့သော စစ်ရှောင်အချို့အတွက်လည်း နေစရာ နေရာ လိုအပ် လာနေကြောင်း မြို့ခံလူမှုကူညီကယ်ဆယ်အဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ဘုန်းကြီးကျောင်းတွေဆို ဝါတွင်းကာလသတင်းသုံးဖို့လာကြမှာလေ။ စစ်ရှောင်တွေအတွက် နေရာနည်းနည်း ကျုံ့သွားမှာ။ တချို့ကျောင်းတွေက ဆက်မထားတော့တာလည်းရှိတယ်။ တချို့စစ်ရှောင်တွေက အိမ်တွေ ငှားနေ ကြပေမယ့် အလုပ်အကိုင်ကမရှိ အိမ်ငှားခကလည်း ဈေးကြီးတော့ ဆက်မငှားနိုင်ကြတော့ဘူး။ ကျန်းမာရေး အတွက်ကတော့ နဂါးရုံအခမဲ့ဆေးခန်းကနေ ဆေးကုသပေးနေတာရှိတယ်။ ဒါပေမဲ့ ဆေးခန်းဆက်ဖွင့်ဖို့ ဆေးဝါး လိုတာပေါ့။ ဆေးခန်းပြမယ် ခွဲစိတ်မယ်ဆိုလည်း ကျန်းမာရေးစရိတ်ကလိုတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

Photo: CJ

မြို့နယ်လူမှုကူညီရေးအဖွဲ့ နှင့် မိတ်ဖက်အလှူရှင်များအနေဖြင့် အဆိုပါနေစရာနေရာလိုအပ်နေသည့် စစ်ဘေး ရှောင်များအတွက် တစ်နှစ်စာ အစားအသောက်ထောက်ပံ့မှု နှင့် မိုးလုံလေလုံ ယာယီနေအိမ်များဆောက်လုပ် ပေးရန် စီစဥ်ထားသော်လည်း မြေနေရာအတွက်မူ အခက်အခဲရှိနေသေးကြောင်း ၎င်းတာဝန်ရှိသူက ဆက် ပြောသည်။

“ငါးထောင်ကျော်လုံးအတွက်တော့ မထောက်ပံ့နိုင်ဘူးလေနော်။ လိုအပ်နေတဲ့သူတွေအတွက်ပါပဲ သူတို့ တစ်နှစ် စာ စားသောက်ရေးအတွက် နောက်ကပံ့ပိုးမယ့်သူတွေရှိတယ်။ ကျနော်တို့ကတော့ မြေနေရာဘာညာအတွက် ကြားကနေကူညီတာပါ။ စစ်ရှောင်တွေအတွက်လည်း ဝန်ထုတ်ဝန်ပိုးလျော့ပြီးတော့ ဒီတစ်နှစ်စာ ဘဝရပ်တည်ဖို့ အတွက် အများကြီးအထောက်အကူဖြစ်နိုင်တာပေါ့။” ဟု တာဝန်ရှိသူက ဖြည့်စွက်ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလပိုင်းကလည်း ထန်းတပင်မြို့နယ် ဇရပ်ကြီးဒေသအတွင်း နှစ်ဖက်တိုက်ပွဲအပြီး စစ်ကောင်စီမှ စစ်ကြောင်းထိုးဝင်ရောက်ခြင်း၊ လက်နက်ကြီးနှင့်လေကြောင်းသုံး၍ အကြိမ်ပေါင်းများစွာ ပစ်ခတ်တိုက်ခိုက်ခြင်းတို့ကြောင့် လူဦးရေသောင်းနှင့်ချီ တောင်ငူမြို့နယ်အတွင်းသို့ စစ်ဘေးရှောင်ခဲ့ကြရသည်။

ဇရပ်ကြီးတိုက်ပွဲသာမက အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားခဲ့သည့် တောင်ငူမြို့နယ်ပတ်ဝန်းကျင် ဒေသများမှ တိုက်ပွဲများကြောင့် မြို့အတွင်းသို့ စစ်ဘေးရှောင်ပြည်သူများ ထပ်တိုးဝင်ရောက်နေထိုင်လာကြရာ အိမ်ငှားစျေး နှုန်းများလည်း အဆမတန်မြင့်တက်လာပြီး စစ်ရှောင်များအပါအဝင် စစ်ရှောင်ကူအဖွဲ့များအတွက်လည်း အခက် အခဲရှိလာကြောင်း စစ်ရှောင်အရေးကူညီပေးနေသူများကပြောသည်။