ဇွန်လ၊ ၁၉ ရက်၊ ၂၀၂၄ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးထိန်းချုပ်နယ်မြေ၊ ညောင်လေးပင်ခရိုင်၊ တပ်မဟာ(၃)၊ လယ်ဒို (ကျောက်ကြီး)မြို့နယ်တွင် ယခု ဇွန်လဆန်းပိုင်းက အင်အားအများအပြားဖြင့် စစ်ကြောင်းထိုးဝင်လာသည့် စစ်ကောင်စီတပ်က စစ်ရှောင်နေရာများကိုဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့သည့်အတွက် စစ်ရှောင်များနေရာအခက် အခဲရှိလာကြောင်း ကေအဲန်ယူ ညောင်လေးပင်ခရိုင်တာဝန်ရှိသူထံမှသိရသည်။
စစ်ကောင်စီအနေဖြင့် တပ်မဟာ(၃)နယ်မြေတွင် လက်လွှတ်လိုက်ရသည့် စခန်းများပြန်ရရှိရန် နှင့် ကျန်ရှိစခန်း များ မကျစေရေးအတွက် အင်အားအများအပြားဖြင့် စစ်ကြောင်းထိုးကာ လေကြောင်း နှင့် မြေပြင် ပစ်ခတ် တိုက်ခိုက်မှုများပြုလုပ်ခဲ့ပြီး တောထဲရှိစစ်ရှောင်နေရာများကိုပါ ဝင်ရောက်မီးရှို့ ဖျက်ဆီးသည့်အတွက် စစ်ရှောင်များ နေရာအသစ်သို့ ထပ်မံထွက်ပြေးတိမ်းရှောင်နေရကြောင်း ညောင်လေးပင်ခရိုင်ပြောခွင့်ရ ပဒို စောဟဲဂေ က ပြောသည်။
၎င်းက “ကော်သာစေး၊ စွယ်တီဝါးမယ်ခီးရွာတွေက စစ်ရှောင်တာကြာပြီး။ လေယာဉ်ဗုံးကြဲလို့ သူတို့က လွတ်ရာ ကို တိမ်းရှောင်ခဲ့တာဖြစ်တယ်။ အခု စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာပြီး သူတို့ စစ်ရှောင်နေရာတွေကိုပါ ထပ်ပြီး မီးရှို့ ဖျက်ဆီးလိုက်တော့ နောက်တစ်နေရာထပ်မံရှောင်တော့ အကူအညီတွေ ထပ်မံလိုအပ်တာဖြစ် တယ်။ မိုးရာသီလည်းဖြစ်တော့ တော်တော်အခက်အခဲဖြစ်တယ်။ တချို့က နီးစပ်ရာရွာတွေမှာသွားပြီး ခိုလှုံရ တာရှိတယ်” ဟု ပဒိုစောဟဲဂေက ကေအိုင်စီ သို့ပြောသည်။
အဆိုပါ မီးရှို့ဖျက်ဆီးခံခဲ့ရသည့် စစ်ရှောင်နေရာများသည် စစ်ကောင်စီနေရာ နှင့် နီးသည့်အတွက် ပျက်ဆီးမှု အခြေအနေများကို ပြန်လည်မကြည့်ရဲကြောင်းလည်း ကဒိုစောဟဲဂေက ဆက်ပြောသည်။
စစ်ကောင်စီအနေဖြင့် စစ်ရှောင်နေရာများသာမကာ စစ်ကြောင်းထိုးလာသည့် လမ်းကြောင်းတစ်လျှောက်ရှိ ကျေးရွာများမှ လူနေအိမ်များကိုလည်း မီးရှို့ ဖျက်ဆီးမှုပြုလုပ်ခဲ့ခြင်းကြောင့် ဒေသခံစစ်ရှောင်ဦးရေ တိုးလာကာ အရေးပေါ် အကူအညီများလည်း ပိုမိုလိုအပ်လာကြောင်း ကေအဲန်ယူဘက်ကဆိုသည်။
လက်ရှိ အရေးပေါ် အကူညီလိုအပ်သည့် ကျေးရွာအုပ်စုများမှာ ဆောထိ(ရွှေကျင်)မြို့နယ်ရှိ အင်းဂနီကျေးရွာ အုပ်စု၊ သံဆိပ်ကျေးရွာအုပ်စု နှင့် သရက်ချောင်းကျေးရွာအုပ်စုများအပြင် လယ်ဒို (ကျောက်ကြီး)မြို့နယ် ဘောက ထာကျေးရွာအုပ်စု၊ ပဒဲကောကျေးရွာအုပ်စု၊ မအူပင်ကျေးရွာအုပ်စုများဖြစ်ပြီး မုန်းမြို့နယ်ထဲတွင် နိုပူကျေးရွာ အုပ်စု နှင့် နတ်သံကွင်းကျေးရွာအုပ်စု စသည့် ကျေးရွာများဖြစ်ကြောင်းခရိုင်တာဝန်ရှိသူထံမှသိရသည်။
လက်ရှိ ညောင်လေးပင်ခရိုင်တွင် တိုက်ပွဲကြောင့် အိမ်ခြေပေါင်း (၃၇,၅၀၀) ကျော်မှ လူဦးရေ စုစုပေါင်း (၁၈၈,၃၈၀) ခန့် စစ်ဘေးရှောင်နေကြရသည်။
ထို့အပြင် စစ်ကောင်စီ၏ လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုအပြင် အရပ်သားများကို မတရားဖမ်းဆီး မှုကြောင့် ယခုနှစ် ဇန်နဝါရီလမှ မေလကုန်အထိ ၅ လတာအတွင်း အရပ်သား (၅၃) ဦးသေဆုံးရပြီး (၁၅၄) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းလည်း ညောင်လေးပင်ခရိုင်၏ စားရင်းများအရသိရသည်။



















