Home သတင်း KSC ကိုယ်ပိုင်ကျောင်းမှ ကရင်ကျောင်းသား/သူများ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် စစ်ကောင်စီ စာသင်ကျောင်းတွင် ပြောင်းလဲပညာသင်ရ

KSC ကိုယ်ပိုင်ကျောင်းမှ ကရင်ကျောင်းသား/သူများ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် စစ်ကောင်စီ စာသင်ကျောင်းတွင် ပြောင်းလဲပညာသင်ရ

675
Photo: KSC

ဇွန်လ ၆ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ဖားအံမြို့ရှိ ကိုယ်ပိုင်အထက်တန်းကျောင်းတစ်ကျောင်းဖြစ်သော ကရင်ကျောင်းသားများရိပ်သာ-KSC မှ ကျောင်းသား၊ ကျောင်းသူများသည် ၂၀၂၄-၂၀၂၅ ခုနှစ် ပညာသင်ကြားရေးအတွက် အ.ထ.က(၂) ဖားအံသို့ ပြောင်းလဲ ပညာသင်ကြားရကြောင်း သက်ဆိုင်ရာ ကျောင်းတာဝန်ခံများမှ သိရသည်။

စစ်ကောင်စီ ပညာရေးအဖွဲ့မှ KSC ကိုယ်ပိုင်ကျောင်းအနေဖြင့် ယခုပညာသင်နှစ် ဆက်သွားလိုပါက ပိုင်ဆိုင်မှုနှင့် မြေနေရာပြပေးရန်၊ ကုမ္ပဏီတည်ထောင်ရန် ပြောဆိုလာသည့်အပြင် စစ်ကောင်စီ ခွင့်ပြုမထားသော ကျောင်း များတွင် ပြောင်းလဲပညာသင်ကြားရန်ကိုပါ ခွင့်ပြုချက်မပေးသောကြောင့် ထိုသို့ ရွှေ့ပြောင်းလိုက်ရခြင်းဖြစ်သည်ဟု KSC ၏ တာဝန်ရှိသူများက ဆိုသည်။

“အစိုးရအဖွဲ့က ကျောင်းဆက်ဖွင့်မယ်ဆိုရင် ပိုင်ဆိုင်မှုတွေပြခိုင်းတယ်။ ကုမ္ပဏီလည်းထောင်ရမယ်လို့ ပြောတယ်။ အဲဒါနဲ့ ကျမတို့က တောင်ကလေးဆရာတော်ကိုခွင့်တောင်းတော့ ဆရာတော်က သူ့ကျောင်းကိုလာဖို့ခေါ်တယ်။ ဒါနဲ့ ကိုယ်ပိုင်ကျောင်းမလုပ်တော့ဘူးလို့ အစိုးရကို တင်တဲ့အခါကျတော့လည်း တောင်ကလေး ကျောင်းကို ပြောင်းခွင့်မပြုဘူး။ အထက (၄)မဟုတ်ရင် (၂)မှာတက်ရမယ်ဆိုပြီး ပြောပြန်ရော ထ(၄)ကဝေးတယ် ဆိုတော့ ထ(၂)ကိုပဲသွားလိုက်တာ” ဟု ကျောင်းတာဝန်ခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ယခုနှစ်အတွက် KSC သို့ ကျောင်းအပ်နှံသည့် အနယ်နယ်အရပ်ရပ်မှ Grade-10, Grade-11 နှင့် Grade-12 ပညာသင်ကြားသူ ကရင်ကျောင်းသား၊သူ ဦးရေ စုစုပေါင်း (၂၀၀)ကျော်ရှိပြီး လစဥ်ကြေးနှင့် ရိပ်သာ ကြေးအပါအဝင် ကျောင်းသားတစ်ဦးလျှင် မြန်မာကျပ်ငွေ (၁,၃၇၀,၀၀၀)ကျပ်တိတိကို အရစ်ကျပေး ချေလက်ခံကြောင်း ကျောင်းတာဝန်ရှိသူများနှင့် ကျောင်းအပ်နှံရေးအစီအစဥ်အရ သိရသည်။

ထို့အပြင် KSC အနေဖြင့် ကျောင်းဖွင့်ချိန်ကို မေလ(၁)ရက်နေ့ သတ်မှတ် ဖွင့်လှစ်ခဲ့သော်လည်း ကြားကာလ အပြောင်းအလဲများကြောင့် ကျောင်းသား၊ကျောင်းသူများ ပညာသင်ယူရာတွင် အခက်အခဲဖြစ်ရသည်ဟုလည်း နောက်ထပ် ကျောင်းတာဝန်ခံ အမျိုးသားတစ်ဦးက ပြောသည်။

Photo: KSC

“ကျနော်တို့က ခေါင်းစဥ်သာ ကိုယ်ပိုင်ကျောင်း စီးပွားရေးကျောင်း အမှန်က ကလေးတွေအတွက်ပဲလေ။ အဲ့ဒီလိုသွားနေတဲ့အချိန်မှာ ဥပဒေကြောင့် ကြားထဲမှာကလေးတွေက အခက်အခဲဖြစ်တာပေါ့။ တချို့က လေးတွေက တခြားကျောင်းတွေပြန်နေဖို့အခက်အခဲရှိတယ်။ နောက်နှစ်တွေကတော့ အခြေအနေအရပဲ ကျနော်တို့လည်းအေးအေးဆေးဆေးသင်ချင်တယ်။” ဟု အမည်မဖော်လိုသူ တာဝန်ခံအမျိုးသားက ပြောသည်။

ထို့အတူ စစ်အစိုးရ ပညာရေးအဖွဲ့၏ KSC ကိုယ်ပိုင်ကျောင်းအပေါ် ကန့်သတ်ချက်လုပ်ဆောင်လာမှုသည် ၎င်းတို့ လက်အောက်ရှိကျောင်းများတွင် အတန်းပညာသင်ယူသူနည်းပါးပြီး ကိုယ်ပိုင်ကျောင်းများသို့ ပြောင်းလဲ ပညာသင်ကြားသူ ကျောင်းသား၊ကျောင်းသူ ဦးရေ များပြားလာခြင်းကြောင့်လည်း ဖြစ်နိုင်သည်ဟု KSC ၏ တာဝန်ရှိသူအချို့က သုံးသပ်သည်။

၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် စစ်ကောင်စီလက်အောက်မှ အခြေခံပညာစာသင်ကျောင်းများတွင် တစ်နိုင်ငံလုံးရှိ ကျောင်းသား၊ကျောင်းသူ ဦးရေ ၆ ဒဿမ ၃ သန်းကျော်သာ ကျောင်းအပ်နှံခဲ့ပြီး အဆိုပါအရေအတွက်သည် စစ်တပ်အာဏာမသိမ်းခင် ကျောင်းအပ်နှံသူဦးရေနှင့်နှိုင်းယှဥ်ပါက ၄ သန်းဝန်းကျင် လျော့ကျသွားကြောင်း စစ်ကောင်စီ၏ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်စာရင်းများအရ သိရသည်။

၁၉၇ဝ ပြည့်နှစ် ဖားအံမြို့တွင် ကရင်ပြည်နယ်အတွင်းရှိ ပညာသင်ကြားရန် အခက်အခဲရှိသူများအတွက် အဆင်‌ပြေ‌စေရန် ရည်ရွယ်၍ ကရင်‌ကျောင်းသူ ကျောင်းသားများရိပ်သာ(KSC) ကို ကရင်‌ရှေး‌ဟောင်းစာ‌ပေများ ပြန်လည်‌ဖော်ထုတ်‌ရေးအဖွဲ့မှ လူပုဂ္ဂိုလ်အချို့က စတင်တည်‌ထောင်ခဲ့ခြင်းဖြစ်ပြီး သက်တမ်း နှစ်ပေါင်း(၅၀)ကျော် ခဲ့ပြီဖြစ်သည်။