အောက်တိုဘာ (၂၉) ရက်နေ့၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၄)၊ မြိတ်-ထားဝယ်ခရိုင်တွင် အောက်တိုဘာ (၁၈) ရက်နေ့နှင့်(၂၇) ရက်နေ့တို့တွင် စစ်အုပ်စုက လက်နက်ကြီးပစ်ခတ်မှုနှင့် ဒရုန်းဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသမီး(၁)ဦးအပါအဝင် အရပ်သား(၈) ဦး ဒဏ်ရာရသွားကြောင်း ကေအဲန်ယူက ထုတ်ပြန်သည်။
အောက်တိုဘာ(၁၈) ရက်နေ့မှစ၍ စစ်အုပ်စုက လယ်မူလား(ပုလော)မြို့နယ်နှင့် ကစယ်ဒို(သရက်ချောင်း)မြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်အုပ်စု၏ အမြှောက်တပ် အမတ-၃၀၉ တပ်ရင်းမှ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုအပြင် ဒရုန်းဖြင့်ဗုံးကြဲချမှုတို့ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
လယ်မူလား၊ ပလောက်ကျေးရွာအုပ်စု၊ ပြည်ခြားကျေးရွာအတွင်းသို့ အောက်တိုဘာ(၁၈)ရက်နှင့် (၂၆)ရက်နေ့တို့တွင် အမတ-၃၀၉ တပ်ရင်းမှ ၁၂၀ မမနှင့် ၆၀ မမ အမျိုးအစား လက်နက်ကြီး အများအပြား ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ထိုရွာနေ အမျိုးသမီး(၁)ဦးအပါအဝင် ဒေသခံပြည်သူ (၃) ဦး ထိခိုက်ဒဏ်ရာရ၍ နေအိမ်(၁)လုံး ပျက်စီးခဲ့သည်ဟု ကေအဲန်ယူက ဆိုသည်။
ထို့နောက် အောက်တိုဘာ (၂၇) ရက်နေ့၊ ညနေ ၂ နာရီခွဲဝန်းကျင်အချိန်တွင် စစ်အုပ်စုတပ်ဖွဲ့ဝင်များသည် ကစယ်ဒို၊ တောင်ဇင်းကျေးရွာအုပ်စု၊ စုံစင်ကျေးရွာအတွင်းသို့ ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် အရပ်သား (၅) ဦး ထိခိုက်ဒဏ်ရာရရှိပြီး နေအိမ် (၁) လုံး ပျက်စီးမှုရှိခဲ့ကြောင်း သိရသည်။

ကစယ်ဒိုထဲတွင် ယခုလတွင်လည်း စစ်အုပ်စု၏ စစ်ကြောင်းထိုးမှု ဆက်၍ရှိနေပြီး တော်လှန်ရေးတပ်ဖွဲ့များနှင့် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခြင်း၊ ဒေသခံကျေးရွာများ လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခံရခြင်းတို့အပြင် စစ်အုပ်စု စစ်ကြောင်းထိုးစဥ် အရပ်သားဖမ်းဆီး သတ်ဖြတ်ခံရခြင်းတို့ ဖြစ်ပေါ်နေကြောင်း ထားဝယ်အခြေစိုက်သတင်းအရင်းအမြစ်များမှ သိရသည်။
ထို့အတူ လယ်မူလားရှိ ပုလောမြို့မရဲစခန်းကို အောက်တိုဘာ(၂၀)ရက်နေ့က တော်လှန်ရေးတပ်များ တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီးနောက် အောက်တိုဘာ(၂၂)ရက်နေ့တွင် ပုလောလမ်းပိုင်းပေါ်ရှိ ရွာတစ်ရွာသို့ စစ်အုပ်စု လေကြောင်းမှဗုံးကြဲခဲ့၍ သာသနာပိုင်အဆောက်အအုံ ပျက်စီးမှုရှိခဲ့သေးသည်။
ပြီးခဲ့သည့် ဇူလိုင်လမှ စက်တင်ဘာလအတွင်း ကေအဲန်ယူအုပ်ချုပ်သည့် မြိတ်-ထားဝယ်ခရိုင်တွင် စစ်အုပ်စုသည် လေကြောင်း၊ လက်နက်ကြီးနှင့် ဒရုန်းဖြင့်တိုက်ခိုက်မှု (၆၈) ကြိမ်လုပ်ဆောင်ခဲ့ရာ အရပ်သား (၄) ဦးသေဆုံးခဲ့ပြီး (၅) ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ရက် – KPSN က အစီရင်ခံစာထုတ်ပြန် ဖော်ပြထားသည်။



















