Home သတင်း မော်တော်ယာဥ်အပိုပစ္စည်းရှား၍ မြဝတီ-မဲဆောက်နယ်စပ်အထိ ယာဥ်လာပြုပြင်သူ များပြား

မော်တော်ယာဥ်အပိုပစ္စည်းရှား၍ မြဝတီ-မဲဆောက်နယ်စပ်အထိ ယာဥ်လာပြုပြင်သူ များပြား

13

အောက်တိုဘာ (၂၉) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ရန်ကုန်၊ မန္တလေးကဲ့သို့မြို့ကြီးများတွင် မော်တော်ယာဥ်အပိုပစ္စည်းရှားပါးသလို ဈေးကြီးပေးဝယ်နေရသဖြင့် ထိုင်း-မြန်မာနယ်စပ် မြဝတီနှင့် မဲဆောက်မြို့ဘက်အထိ လာရောက်၍ ယာဥ်ပြုပြင်ကြသူ များပြားလာကြောင်း ကရင်ပြည်နယ်ထဲရှိ ယာဥ်ပြုပြင်ရေးလုပ်ငန်းလုပ်ကိုင်သူများထံမှ သိရသည်။

စစ်အုပ်စုသည် မော်တော်ယာဉ်နှင့်စက်သုံး အပိုပစ္စည်းများအပါအဝင် ထိုင်းနိုင်ငံထုတ်ကုန်များကို တင်သွင်းခွင့်ပိတ်ပင်ခြင်းနှင့် ဖမ်းဆီးခြင်းများ ပိုမိုလုပ်ဆောင်လာပြီးနောက် နယ်စပ်မြို့များသို့လာရောက် ယာဥ်ပြုပြင်သူ များလာခြင်းဖြစ်သည်။

ထို့အပြင် မော်တော်သုံး ဂျပန်တစ်ပတ်ရစ် အပိုပစ္စည်းများ၊ တာယာများအပါအဝင် အိမ်ဆောက်ပစ္စည်းနှင့် အခြား ထိုင်းထုတ်ကုန်များကို လာရောက်ဝယ်ကြသူလည်း အများအပြားရှိလာကြောင်း ဖားအံမြို့က ကားပြုပြင်ရေးလုပ်ငန်း လုပ်သူက ပြောသည်။

“ရန်ကုန်တို့ မန္တလေးတို့ဘက်က ကားတွေလာကြတယ်။ အဓိက ကတော့ ကားပြင်တာနဲ့ တာယာလဲတာတွေ လာလုပ်ကြတာ။ ဒီမှာက တစ်လုံးကို နှစ်သိန်း သုံးသိန်းပဲရှိတာ။ ထိုင်းတာယာ၊ ဂျပန်တာယာကို ကားတစ်စီးစာလဲရင် ဈေးထက်ဝက်ကျော်သက်သာတော့ ကားဝပ်ရှော့တိုင်းမှာ ကားတွေပြည့်နေတာပဲ” ဟု ၎င်းယာဥ်ပြုပြင်ရေးလုပ်သူက ဆိုသည်။

မြို့ကြီးများတွင် မော်တော်ယာဥ်တာယာလဲလှယ်ခြင်းအတွက် အသုံးပြုပြီးသား တာယာတစ်လုံးလျှင် ကျပ်ငွေ (၄)သိန်း၊ အသစ်ဖြစ်ပါက (၆)သိန်းခန့် ရှိကြောင်း မော်တော်ယာဥ်အပိုပစ္စည်းရောင်းဝယ်ရေး၊ ပြုပြင်ရေး ဈေးကွက်မှ သိရသည်။

ထို့အပြင် မြဝတီမြို့တွင်ရောင်းချသည့် ယာဥ်အလှဆင်ပစ္စည်းများ၊ ဂီယာ‌ဘောက်၊ လေအေးပေးစက်နှင့် အင်ဂျင်အပိုပစ္စည်းများမှာ ရန်ကုန်မြို့၏ပေါက်ဈေးထက် နှစ်ဆခန့် ဈေးသက်သာသဖြင့် ပြုပြင်ကြသူ၊ ဝယ်ယူကြသူ များကြောင်းလည်း မော်တော်ယာဥ်အဝယ်/အရောင်းလုပ်သည့် သတင်းအရင်းအမြစ်က ဆိုသည်။

မြဝတီရှိ မော်တော်ယာဥ်ရောင်း/ဝယ်သူ တစ်ဦးက “ရန်ကုန်ဘုရင့်နောင်ဈေး၊ တောင်ဥက္ကလာစက်မှုဇုန်၊ တောင်ဒဂုံစက်မှုဇုန်တွေမှာဆို အိမ်စီးကားအပိုစ္စည်းတွေဈေးကြီးတယ်။ ဂီယာဘောက်တစ်အုံကို သိန်း ၄၀-၆၀ လောက်ရှိတယ်။ မြဝတီမှာကတော့ သိန်း၂၀-သိန်း၃၀ ပဲ” ဟု ကေအိုင်စီကို ပြောသည်။

ယင်းကြောင့် မော်တော်ယာဥ်ပြုပြင်လိုသူများမှာ မြဝတီမြို့အထိ မိသားစုလိုက်အလည်အပတ် အပန်းဖြေခရီးထွက်ရင်းဖြစ်စေ လဲလှယ်ပြုပြင်သွားကြကြောင်း သိရသည်။

ထို့အတူ ပြည်တွင်းတွင် ပစ္စည်းပြတ်လတ်နေသည့် ထိုင်းထုတ်ကုန်များမှာ နယ်စပ်၌ တစ်ပိုင်တစ်နိုင် ဝယ်ယူသယ်ဆောင်၍ရသဖြင့် ထိုင်းကုန်လက်လီအရောင်းဆိုင်များတွင်လည်း အရောင်းအဝယ် ကောင်းမွန်နေသည်ဟု မြဝတီမြို့ခံများက ဆိုသည်။

ဖော်ပြပါအခြေအနေများကြောင့် မြဝတီ-မဲဆောက် ချစ်ကြည်ရေးတံတားအမှတ်(၁)တွင် ယာဉ်ကျောပိတ်ဆို့မှုများ တစ်နေကုန်နီးပါး ဖြစ်ပေါ်နေပြီး မြို့အခြေစိုက် လူမှုဝန်ထမ်းအဖွဲ့များက လမ်းကြောရှင်းပေးရသည်အထိ ရှိလာသည်။