ဇွန်လ ၆ ရက်၊၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသားအစည်းအရုံး-KNU ထိန်းချုပ်ရာ တပ်မဟာ(၁)နယ်မြေ၊ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်နှင့် သထုံမြို့နယ်တို့တွင် စစ်ကောင်စီက လေကြောင်း နှင့် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှု ဆက်တိုက် လုပ်ဆောင်နေမှုကြောင့် ဒေသခံပြည်သူများနှင့် လူနေအိမ်အဆောက်အဦးများ ထိခိုက်မှု ရှိကြောင်း ကေအဲန်ယူ ဗဟို၏ ယနေ့ထုတ်ပြန်ချက်အရ သိရသည်။
ကျိုက်ထိုမြို့နယ်အတွင်းရှိ ကျေးရွာများကို ဇွန်လ ၂ ရက်မှ ၄ ရက်အတွင်း စစ်ကောင်စီတပ်စခန်း ကုန်းမှ လက်နက်ကြီးပစ်ခတ်ခြင်းကြောင့် ကိုယ်ဝန်သည်တစ်ဦးလက်နက်ကြီးကျည်စထိမှန် ဒဏ်ရာရခဲ့ပြီး လူနေအိမ်နှစ်လုံးလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း ကေအဲန်ယူဗဟိုက ယနေ့တွင် သတင်း ထုတ်ပြန်ထားသည်။
သိမ်ဇရပ်မြို့တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်၏ အမြောက်တပ် (အမတ−၃၁၀) တပ်ရင်း နှင့် ခြေမြန် တပ်ရင်း(ခမရ−၂၀၇) စခန်းကုန်းတို့မှ လက်နက်ကြီး အလုံး ၃၀ ကျော်ခန့်ပစ်ခတ်ခဲ့ခြင်းကြောင့် စစ်ကွင်းကျေးရွာမှ နေအိမ် နှစ်လုံးပျက်စီးခဲ့ပြီး မုက္ခမော့ကျေးရွာ မယ်တော်ကြီးကုန်းအနီးရှိ ကိုယ်ဝန် (၆)လ လွယ်ထားသည့် အမျိုးသမီး၏ ဘယ်ဘက်ခြေဖဝါးလည်း လက်နက်ကြီးကျည်စ ထိမှန် ဒဏ်ရာရရှိခဲ့သည်ဟု ကေအဲန်ယူ ဗဟို၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုသို့ စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုများကြောင့် ကျိုက်ထိုမြို့နယ် ခရွဲကျေးနယ်ရှိ သုံးခွ၊ မုက္ခ မော့ နှင့် စစ်ကွင်းစသည့် ကျေးရွာများမှ ဒေသခံကျေးရွာသားများ ဘေးလွတ်ရာသို့ ရွာလုံးကျွတ် ထွက်ပြေး တိမ်းရှောင် နေကြရသည်ဟုလည်း ကေအဲန်ယူက ဆိုသည်။
တဆက်တည်းတွင်ပင် သထုံမြို့နယ်အတွင်းကိုလည်း ပြီးခဲ့သည့် ဇွန်လ ၁ရက်နေ့က စစ်ကောင်စီတပ်မှ လက်နက်ကြီးနှင့် လေကြောင်းများဖြင့် ပြည်သူလူထုများနေထိုင်ရာ ကျေးရွာများ၊ လုပ်ကိုင်စား သောက် ရာ လုပ်ငန်းခွင်များအတွင်းသို့ ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခဲ့သောကြောင့် လူနေအိမ် (၁၀) လုံး နှင့် သာသနာ့အဆောက်အဦး (၂)လုံးပါ ထိခိုက်ပျက်စီးခဲ့သည်။
အဆိုပါနေ့တွင် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာလေယာဥ်ဖြင့် လေကြောင်းတိုက်ခိုက်မှု သုံးကြိမ်ပြု လုပ်ခဲ့ပြီး ဗုံးအလုံးရေ (၁၂) လုံးခန့်နှင့် လက်နက်ကြီးများဖြင့် ပြည်သူလူထုအား ကြောက်လန့် အောင် ခြိမ်းခြောက်တိုက်ခိုက်ခဲ့သည်ဟု KNU က ထုတ်ပြန်ထားသည်။



















