ဇွန်လ ၆ ရက်၊၂၀၂၄ ခုနှစ်။ ကေအိုင်စီ
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ မောင်းမယ်ရှောင်ကျေးရွာတွင် ယခုဇွန်လ ၁ ရက်နေ့က ဝင်ရောက် တပ်စွဲနေထိုင်ခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ကျေးရွာအတွင်းရှိ နေအိမ် (၁၀၀) ကျော်ကို ဖောက်ထွင်းခဲ့ပြီး တန်ဖိုးရှိပစ္စည်းများကို ယူဆောင်သွားကြကြောင်း မောင်မယ်ရှောင် ကျေးရွာရှိ ဒေသခံများမှ ပြောသည်။
မောင်မယ်ရှောင်ကျေးရွာအနီးရှိ ဘုရားမဲစစ်ဆေးရေးဂိတ်တွင် အခြေချတပ်စွဲထားသည့် ရေဖြူအခြေစိုက် စစ်ကောင်စီခြေမြန်တပ်ရင်း(ခမရ-၄၀၆) တပ်ဖွဲ့ဝင်များကို တော်လှန်ရေးတပ်ဖွဲ့ဝင်များက ဇွန်လ(၁) ရက်နေ့တွင် ဝင်ရောက်ပစ်ခတ်ပြီးနောက်ပိုင်း ရေဖြူမှ အင်အား(၁၀၀) နီးပါးရှိသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် မောင်မယ်ရှောင်ကျေးရွာအတွင်းဝင်ရောက်တပ်စွဲနေထိုင်ကာ နေအိမ်အတွင်းသို့ ဝင်ရောက်ဖောက်ထွင်းမှုများ ပြုလုပ်ခဲ့ကြောင်း မောင်မယ်ရှောင်ကျေးရွာသားတစ်ဦးက ပြောသည်။
၎င်းက “ရွာလုံးကျွတ်ရှောင်နေကြရတာကြာပြီ။ စစ်တပ်က ပြီးခဲ့တဲ့ရက်က ထွက်သွားပြီးဆိုမှ တချို့တွေက ပြန်လာကြတော့ ဖောက်ခံထားရတာကို သိလိုက်ရတယ်။ နေအိမ်တော်တော်များများ ဖောက်ထွင်း ခံထားရတယ်။ ဘုရားမဲ စစ်ဆေးရေးဂိတ်က ခဏခဏ ပစ်ခံထိနေတော့ စစ်တပ်က အခုလိုတွေလုပ်လာတယ်။” ဟု ကေအိုင်စီသို့ ပြောသည်။
စစ်ကောင်စီတပ်သားဖွဲ့ဝင်များသည် ကျေးရွာအတွင်းရှိ နေအိမ်အလုံး(၁၀၀) ကျော်မှ တန်ဖိုးရှိ ရွှေ၊ ငွေ၊ ဖုန်း၊ အိမ်အသုံးအဆောင်ပစ္စည်းများနှင့် ကုန်စုံဆိုင်များမှ ပစ္စည်းများကိုပါမချန် ဖောက်ထွင်း ယူဆောင်မှုများ ပြုလုပ်ခဲ့ကြောင်း ထိုဒေသခံရွာသားက ပြောသည်။
“တပ်စွဲပြီးတော့ ရှိသမျှတွေကို ယူသွားကြတယ်။ ရစရာကိုမရှိဘူး။ စစ်ကြောင်းထိုးပြီးဆိုရင် ပစ္စည်းတွေက သိမ်းမနိုင်ဘူးလေ။ အဝတ်တစ်ထည်တည်းနဲ့ လွတ်အောင်ပြေးနေရတော့ အိမ်က ရှိသမျှဟာတွေကို စစ်တပ်က အကြိုက်ယူပဲ။” ဟု ၎င်းရွာသားက ဖြည့်စွက်ပြောသည်။
မောင်မယ်ရှောင်ကျေးရွာတွင် ယခုလ ၁ ရက်နေ့က တော်လှန်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက်ခြင်းခံရ၍ စစ်ကောင်စီဘက်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်ရမ်းသမ်းပစ်ခတ်ခြင်းများ ပြုလုပ်သောကြောင့် ဒေသခံကျေးရွာသားများ ရွာလုံးကျွတ်နီးပါး ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်ခဲ့ရပြီး စစ်တပ်ထွက်ခွာသွားပြီးဖြစ်သည့်အတွက် ယမန်နေ့ဇွန်လ ၅ ရက်နေ့က ကျေးရွာသားအချို့ နေအိမ်ပြန် လည်ဝင်ရောက်လာကြကြသည်ဟု သိရသည်။
ပြီးခဲ့သည့် မေလ (၁၉) ရက်နေ့ကလည်း ထားဝယ်မြို့စစ်ကောင်စီမြို့ဝင် စစ်ဆေးရေးဂိတ်တစ်ခုကို ဗထူး တပ်မတော်(BHA)မှ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ၂ ဦး သေဆုံးခဲ့ကြောင်း BHA၏ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ထက်မြက်က ပြောဆိုသည်။
အလားတူ မေလ ၈ ရက်ကနေ့ကလည်း သရက်ချောင်းမြို့နယ်အတွင်းရှိ ကနက်သီရိကျေးရွာနှင့် အနီးအနား ရွာလေးရွာခန့်ကို စစ်ကောင်စီမှ စစ်ကြောင်းသုံးကြောင်းဖြင့် စစ်ကြောင်းထိုးခြင်းကြောင့် တိုက်ပွဲပြင်းထန်ခဲ့ပြီး ထောင်နှင့်ချီသည့် ဒေသခံများ စစ်ဘေးတိမ်းရှောင်ခဲ့ရကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များထံမှ သိရသည်။



















