Home သတင်း DKBA ဘက်တံဆိပ်တပ် အသွင်ယူသွားလာသည့် စစ်ကောင်စီတပ်ဖွဲ့များ ပစ်ခတ်ခံရ၍ ၃ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရ

DKBA ဘက်တံဆိပ်တပ် အသွင်ယူသွားလာသည့် စစ်ကောင်စီတပ်ဖွဲ့များ ပစ်ခတ်ခံရ၍ ၃ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရ

909
Photo: CJ

ဧပြီလ ၁၀ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တောင်ပိုင်းသုံးထပ်ကွေ့နှင့်‌ သေ့ဘောဘိုကျေးရွာကြားတွင် ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော်(DKBA)အဖွဲ့ ဘက်တံဆိပ်တပ်ပြီး သွားလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့က ယမန်နေ့ ဧပြီလ ၉ရက် ညနေပိုင်းတွင် ပစ်ခတ် တိုက်ခိုက်သည့်အတွက် ၃ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရရှိခဲ့ကြောင်း စစ်မြေပြင်သတင်းအရင်းအမြစ်များက ပြောသည်။

DKBA ဘက်တံဆိပ်တပ်ပြီး ကား ၃ စီးဖြင့် သုံးထပ်ကွေ့မှ သေ့ဘောဘိုးလမ်းကြောင်းအတိုင်း တက်ရောက် လာရာလမ်းတစ်နေရာတွင် (KNLA) တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်ခြင်းဖြစ်ပြီး လက်နက်ခဲယမ်းများ တင်ဆောင်လာသည့် ကားတစ်စီးမှာ ပျက်စီးသွားခဲ့ကြောင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ နှင့်နီးစပ်သူတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

၎င်းက”စစ်ကောင်စီတပ်တွေက DKBA ဝတ်စုံဝတ်ပြီး ကားသုံးစီးနဲ့ သုံးထပ်ကွေ့ကနေ သေ့ဘောဘိုးက သူ့‌စခန်းပြန်တဲ့လမ်းမှာ KNLA ပူးပေါင်းတပ်က မသင်္ကာလို့ ပစ်လိုက်တယ်။ လက်နက်ခဲယမ်း တင်ဆောင် တဲ့ကားတစ်စီး‌ မီးလောင်ပေါက်ကွဲကုန်တယ်။ စစ်‌‌ကောင်စီတပ်ဖွဲ့ကတော့ တစ်ဦးသေပြီး ခြေကျိုး တဲ့တစ်ယောက်လည်း ဖမ်းမိထားတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

Photo: CJ

ထို့အပြင် ထိုင်း-မြန်မာနယ်စပ် ထိုင်းနိုင်ငံဘက်ခြမ်း သွား‌ရောက်ရှိနေထိုင်ပြီး ပြည်တွင်းဘက်တွင် ခြံပြန်လာလုပ်ကိုင်သည့် အရပ်သားပြည်သူတစ်ဦးလည်း အဆိုပါပစ်ခတ်မှုအတွင်း သေဆုံးသွားကြောင်း လည်း သေ့ဘောဘိုးကျေးရွာသားတစ်ဦးက ယခုလို‌ ပြောသည်။

“ပစ်ခတ်မှုဖြစ်တဲ့နှစ်ဖက်ကြားမှာ ထိုင်းဘက်ကို သွားနေထိုင်ပြီး ပြည်တွင်း ဘက်မှာခြံပြန် လာလုပ်တဲ့အရပ်သားတစ်ဦးထိပြီး သေသွားတယ်။ ဘယ်ဘက်ကပစ်လည်းတော့မသိဘူး။ လက်နက်ခဲ ယမ်းကားပေါက်ကွဲလို့ ထိတာပဲလာမသိရဘူး။”ဟု ဒေသခံတစ်ဦးက ပြောသည်။

ထို (DKBA) ဘက်တံဆိပ်တပ်သွားလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များပတ်ခတ်မှုဖြစ်စဉ်မှာ မှန်ကန်ကြောင်း၊ DKBA တပ်ဖွဲ့ဝင်အချို့၏ အကူအညီပေးမှုကြောင့် ယခုလို သွားလာလှုပ်ရှားခြင်းဖြစ်ကြောင်း အမည်မဖော်လိုသူ ထိပ်ပိုင်း DKBA ခေါင်းဆောင်တစ်ဦးက ကေအိုင်စီသို့ အတည်ပြုပြောသည်။