Home သတင်း သင်္ဃန်းညီနောင်ဒေသကို စစ်တပ်၏ နေ့ရောညပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားသေဆုံးမှုမြင့်တက်လာနေ

သင်္ဃန်းညီနောင်ဒေသကို စစ်တပ်၏ နေ့ရောညပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားသေဆုံးမှုမြင့်တက်လာနေ

612
Photo: CJ

မတ်လ ၂၅ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA မဟာမိတ်ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားသည့် သင်္ဃန်းညီနောင်ဒေသအတွင်း စစ်တပ်လေကြောင်းက နေရော၊ ညပါ ဗုံးကြဲတိုက်ခိုက် မှုကြောင့် အရပ်သားပြည်သူများ ထိခိုက်သေဆုံးမှုမြင့်တက်လာလျက်ရှိကြောင်း သိရသည်။

စစ်ကောင်စီတပ် သင်္ဃန်းညီနောင် စစ်ဗျူဟာနှင့် ခြေမြန်တပ်ရင်း -ခမရ ၃၅၅/၃၅၆/၃၅၇ စစ်တပ် ၃ တပ်ရင်းနှင့် KNLA မဟာမိတ်ပူးပေါင်းတပ်များ တိုက်ပွဲဖြစ်ပွားသည့် မတ်လ ၇ ရက်မှ မတ်လ ၂၅ ရက်နေ့အတွင်း စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားသေဆုံးသူ ၂၀ ဦးခန့်အထိသေဆုံးပြီး ဒဏ်ရာရရှိသူ ၁၅ ဦး ခန့်ရှိနေကြောင်း စစ်မြေပြင်ဆေးအကူအညီပေးရးအဖွဲ့များ၏ ပြောဆိုချက်အရ သိရသည်။

ဆေးအကူအညီပေးရေးလုပ်ဆောင်သူတစ်ဦးက “စစ်တပ်က သင်္ဃန်းညီနောင်၊ ဝှေ့ရှမ်းရွာ၊ ပေါလာရွာ၊ သံပုရာရွာ၊ အောက်ဘိုတဲ၊ ထီးမူးထ၊ ကွင်းကလေး ၊ ရွာသစ် ကုန်းရွာ၊ သင်္ဃန်းညီနောင်၊ ရပ်ကွက်နေရာတွေကို နေ့ရော /ညပါ ဗုံးကြဲတာရှိတယ်။ တိုက်ပွဲ ဖြစ်ရက် ၁၈ ရက် အတွင်းမှာ ကျေးရွာအစုံကဆိုရင် သေတဲ့သူလူကြီးကလေး၊ ကျား/မ ၂၀ လောက်ရှိတယ်။ ဗုံးကြဲတာ၊ လက်နက်ကြီးထိတာပေါ့၊ ဒဏ်ရာပြင်းတာက ၁၅ ယောက်လောက်ရှိတယ်၊ လူနာတွေ ပြန်လွှဲပို့ရတာပေါ့။ ကုနိုင်တဲ့ဆေးရုံဆေးခန်းကိုပေါ့နော်”ဟု ပြောသည်။

လက်ရှိတွင် သင်္ဃန်းညီနောင် စစ်ဗျူဟာကုန်း၊ ခမရ ၃၅၇ စစ်တပ်နေရာများအပြင် မြဝတီတောင်ဘက် လက် ခတ်တောင်၊ လေးကေကော် စွယ်တော်စစ်တပ်အမြှောက်ကုန်းနှင့် ကော့ကရိတ် မြို့တွင်း ခြေလျင်တပ်ရင်း -ခလရ ၉၇ တို့တွင် ရင်ဆိုင်တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုများရှိနေကြာင်း စစ်ရေးနယ်မြေ သတင်းအရင်းအမြစ်က ပြောသည်။

Photo: CJ

” စစ်တပ်နဲ့ ကတော့ ဆက်တိုက်နေတုန်းပဲ၊ သူတို့ စစ်တပ်က ဗုံးကြဲလေယာဉ်က လာလာကြဲနေတော့ တိုက်လိုက် ရှောင်လိုက်ပဲ၊ ကိုယ်တော်လှန်ရေး ရဲဘော်တွေလည်း ကျတာ ရှိတယ်။ စစ်ကြောင်းအစုံကပေါ့။ ဒီအပတ်ထဲမှာ ၆ ယောက်လောက်ရှိတယ်။ စစ်တပ်ကတော့ အလောင်းတွေ ဟိုတွေ့ဒီတွေ့ တော့ရှိတယ်။ စုပုံပြီး သင်္ဂြိုဟ်ပေးရတာ လည်း ရှိတယ်။ ကိုယ့်ရဲဘာ်တွေကတော့ နောက်တန်းပြန်ပို့ပြီး သင်္ဂြိုဟ်ပေးရတယ်”ဟု စစ်ရေးနယ် မြေသတင်း အရင်းအမြစ်က ပြောသည်။

အဆိုပါ တိုက်ပွဲ ရက်ဆက် ဖြစ်ပွားနေမှုကြောင့် သင်္ဃန်းညီနောင်၊ ရွာသစ်၊ ကွင်းကလေး၊ ထီးမူးထ၊ ဝှေ့ရှမ်း၊ ပေါလော ၊ သံပုရာ၊ မဲပလဲ ၊ လေးကေကော်၊ မယ်ဝါးခီး၊ ဖလူး၊ မင်းလက်ပံ ကျေးရွာ ဒေသခံ ၅၀၀၀ ဝန်းကျင်မှာ မြဝတီမြို့ပေါ် ယာယီစစ်ရှောင်စခန်း၊ သောင်ရင်းမြစ်ဘေး ပလော့တပို့စစ်ရှောင်စခန်းနှင့် ချစ်ကြည်ရေး တံတားအမှတ်(၂)အနီးရှိ ယာယီစစ်ရှောင်နေရာများတွင် စုဖွဲ့နေထိုင် ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌စစ်ရှောင်နေကြရ ကြောင်း စစ်ဘေးရှောင်ကူညီသူများ ပြောစကားအရ သိရသည်။