Home သတင်း KNU တပ်မဟာ(၇) နယ်မြေရှိ စစ်ကောင်စီ၏ ရင်ကွဲတောင်စခန်းတိုက်ခိုက်သိမ်းယူခံရ

KNU တပ်မဟာ(၇) နယ်မြေရှိ စစ်ကောင်စီ၏ ရင်ကွဲတောင်စခန်းတိုက်ခိုက်သိမ်းယူခံရ

1204

မတ်လ ၂၃ရက်၊၂၀၂၄ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊တပ်မဟာ (၇) နယ်မြေ၊ ဖားအံခရိုင်၊နဘူးမြို့နယ်ရှိ စစ်ကောင်စီရင်ကွဲတောင်စခန်းကို ယနေ့နံနက်အစောပိုင်းတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ဦးဆောင် သည့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်သိမ်းယူခဲ့ကြောင်း နီးစပ်သည့် ဒေသခံများက အတည်ပြုပြောဆိုသည်။

မြပတိုင်‌ကျေးရွာသားတစ်ဦးက”ဒီမနက်စစ်‌ကောင်စီရင်ကွဲတောင်စခန်းတက်တယ်။ စခန်းရပြီးလက်နက်လည်း ၁၀လက်ကျော်ရတယ်ကြားတယ်။

စစ်‌ကောင်စီတပ်က လက်နက်ကြီးတွေ ရွာထဲမှာပဲပြန်ပစ်‌နေတယ်။ မြပတိုင် ရွာထဲမှာလည်းကျတယ်။ ရွာသားလည်း တော်တော်များများတိမ်းရှောင်ကြပြီး”ဟု ကေအိုင်စီ သို့ပြောသည်။
အဆိုပါ စစ်ကောင်စီရင်ကွဲတောင်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းယူပြီးနောက် လှိုင်ဝရှိ စစ်ကောင်စီအမြောက်တပ်ဘက်က လက်နက်ကြီးများဖြင့် အနီးဝန်းကျင်ကျေးရွာများအတွင်းသို့ ပြန်လည် တုန့်ပြန်ပစ်ခတ်သဖြင့် ဒေသခံရွာသားများစိုးရိမ်‌ကြောက်လန့်ကာ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်းလည်း ၎င်း‌‌ ဒေသခံက ဆက်ပြောသည်။

အလားတူ ယခုရက်ပိုင်း ကေအဲန်ယူ တပ်မဟာ(၇)နယ်မြေရှိ နဘူးမြို့နယ်ထဲတွင် တိုက်ပွဲဖြစ်ပွားလာနိုင်သည့် သတင်းများထွက်ပေါ်လာသောကြောင့် ၎င်းဒေသရှိ ဒေသခံများလည်း စိုးရိမ်မှုရှိလာနေကြောင်း နဘူမြို့ဒေသခံ များကပြောသည်။

“ယခုရက်ပိုင်းအခြေအနေကသိပ်မကောင်းဘူး။ တပ်မဟာ (၇) မှာ စစ်မျက်နှာဖွင့်လာနိုင်တယ်လို့ ကြားတယ်။ နဘူးစခန်းလည်း ဝင်တိုက်မယ်လို့ကြား‌တော့ ဒေသခံကစိုးရိမ်လာကြတယ်”ဟု နဘူးဒေသခံတစ်ဦးက ကေအိုင်စီ သို့ ပြောသည်။

ထို့အပြင် စစ်ကောင်စီ၏ ရင်ကွဲတောင်စခန်းသည် ကော့ကရိတ်မှနဘူးသို့သွားမည့် တံတားကြိုးနှင့် မြပတိုင် ကျေးရွာကြားတွင်ရှိပြီး တိုက်ပွဲကြောင့် မြပတိုင်၊ နောင်ထပ္ပံ၊ ထီဖိုးစံ နှင့် ဆိပ်ဖူးကုန်း စသည့် ကျေးရွာသားများ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသခံများကပြောသည်။

အလားတူ ပြီးခဲ့သည့် မတ်လ ၁၉ ရက်နေ့ကလည်း ကေအဲန်ယူ တပ်မဟာ (၇) ထိန်းချုပ်နယ်မြေရှိ မဲသဝေါ ဘက် ခြမ်းတွင် နယ်မြေကျော်ဝင်ရောက်လာသည့် စစ်ကောင်စီတပ်နှင့် KNLA တပ်ဖွဲ့များအကြား ပထမဦးဆုံး အကြိမ် ပစ်ခတ်မှုဖြစ်ပွားခဲ့သေးသည်။