မတ်လ ၂၃ ရက်၊၂၀၂၄ ခုနှစ်။ကေအိုင်စီ
အမျိုးသားညီညွတ်ရေးအစိုးရ-NUG ကာကွယ်ရေးဝန်ကြီးဌာနတွင်ရှိနေသည့် နယ်မြေ အသီးသီးမှ ပြည်သူ့ ကာ ကွယ်ရေးတပ်ဖွဲ့များလိုက်နာရမည့် စစ်ဘက်ဆိုင်ရာကျင့်ဝတ်စည်းကမ်းများကို ပြန်လည်ပြင်ဆင်ဖြည့်စွက်ပြီး NUGက ယမန်နေ့ မတ်လ ၂၂ ရက်နေ့ရက်စွဲဖြင့် ဒုတိယအကြိမ်ထုတ်ပြန်လာသည်။
NUG အနေဖြင့် လိုက်နာရမည့် စစ်သည်ကျင့်ဝတ်များကို ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် မေလ ၂၆ ရက်နေ့တွင် ပထမဦး ဆုံး စတင်ပြဌာန်းခဲ့ပြီး ကျင့်ဝတ်များနှင့်ပတ်သက်သည့် လိုအပ်ချက်များကို ထပ်မံဖြည့်စွက်ကာ မွမ်းမံထားသော စစ်သည်ကျင့်ဝတ်အသစ်ကို ယခုလို ထပ်မံထုတ်ပြန်လာခြင်းဖြစ်သည်။
ပြည်သူ့ကာကွယ်ရေးအဖွဲ့အစည်းများအားလုံးအနေဖြင့် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာမှု ဥပဒေများကို အခြေခံပြီး အရပ်သားပြည်သူများကို ခြိမ်းခြောက်ခြင်း၊ ပစ်မှတ်ထား တိုက်ခိုက်ခြင်းအပြင် စာသင်ကျောင်း၊ ဆေးရုံ ဘာသာရေးအဆောက်အဦးများကို တိုက်ခိုက်ခြင်းများ မပြုလုပ်ရန် စသည့် လိုက်နာကျင့်သုံး ရမည့် အချက်များပါဝင်သည်။
ဆက်လက်ပြီးမြေပြင်တွင် စစ်ကောင်စီ အနေဖြင့် အရေးနိမ့်စစ်ရှုံးပြီး လက်နက်ချ အညံ့ခံမှုများ တိုးလာသည့် အပေါ်တွင်လည်း လက်နက်ချအညံ့ခံသူများ၊ ဖမ်းဆီးထိန်းသိမ်းထားသူများကိုလည်း နှိပ်စက်ညှဉ်းပန်းခြင်း အပြုဘဲ လူ့ဂုဏ်သိက္ခာနှင့်အညီ ထိန်းသိမ်းထားရမည့် ကျင့်ဝတ်ပါ ပြဌာန်းချက်များကိုပါ NUG ၏ထုတ်ပြန်တွင် ရေးသားဖော်ပြထားသည်။
ထိုသို့ အမျိုးသားညီညွတ်ရေးအစိုးရမှ ထုတ်ပြန်လိုက်သည့် စစ်သည်ရဲဘော်ကျင့်ဝတ်နှင့် ပတ်သက်ပြီး NUG ကာကွယ်ရေးဝန်ကြီးဌာန၏ တောင်ပိုင်းတိုင်းစစ်ဒေသ အထူးစစ်ဆင်ရေးတပ်ဖွဲ့-SOF ၏တာဝန်ရှိသူတစ်ဦးက ယခုလို ပြောဆိုသည်။
“အခုလက်ရှိတိုက်ပွဲ မြေပြင်တွေမှာလည်း ပြည်သူလူထု အထိအခိုက် နည်းအောင် ကျနော်တို့ အရင်ကြည့်ပြီးမှ တိုက်ပွဲဖော်ဆောင်ပါတယ်။ နောက်ပြီးတော့ ဖမ်းမိထားတဲ့စစ်သုံ့ပန်းတွေ လက်နက်ချလာတဲ့သူတွေကိုလည်း သက်ဆိုင်ရာ အဖွဲ့အစည်းတွေကို ချိတ်ဆက်ပြီး စစ်ဆေးပြောင်းရွှေ့မှုတွေရှိပါတယ်။ နှစ်ဖက်တိုက်ပွဲဖြစ်တဲ့ နေရာတွေမှာ ဘယ်အဖွဲ့ကပြည်သူတွေအပေါ် ပစ်မှတ်ထားသတ်ဖြတ်နေလဲဆိုတာ ပြည်သူတွေ ကိုယ်တိုင် သိ ကြပါတယ်” ဟု ကေအိုင်စီသို့ ပြောသည်။
ထို့အပြင် NUG၏ ထုတ်ပြန်ချက်တွင် စစ်သည်တော်ကျင့်ဝတ်စည်းကမ်းများ၊ ပစ်မှတ်သတ်မှတ်ခြင်း၊ ဖမ်းဆီး ထိန်းသိမ်းထားသူများကို ပြုမှုဆက်ဆံခြင်း၊ အရပ်သားပြည်သူများအပေါ် ပြုမှုဆက်ဆံခြင်း၊ အမျိုးသမီး၊ လိင် စိတ်ခံယူမှုကွဲပြားသူ(LGBTIQ) နှင့်ကလေးများအပေါ် ပြုမူ ဆက်ဆံခြင်း စသည့် လိုက်နာကျင့်သုံးရမည့် စည်း ကမ်းချက်များကို အသေးစိတ်ဖော်ပြပါရှိသည်။
ထို့အတူ စစ်ကောင်စီတပ်များနှင့် တော်လှန်ရေးပူးပေါင်းတပ်များအကြား နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေသည့် ဖြစ်စဉ် များတွင် မြေပြင်အရ အရေးနိမ့်မှုများ ကြုံနေရသည့် စစ်ကောင်စီ အနေဖြင့် အရပ်သားများ၊ နေအိမ်များ ၊ ဘာသာရေး၊ ဆေးရုံ ဆေးခန်း နှင့် စာသင်ကျောင်းများကို စစ်ရေး ပစ်မှတ်အနေဖြင့် လက်နက်ကြီး လေကြောင်း ဖြင့် တိုက်ခိုက်မှုများရှိသလို အရပ်သားပြည်သူမျာကို ဖမ်းဆီးညှင်းပန်းနှိပ်စက် သတ်ဖြတ်ခြင်းများကို ကျူးလွန် လုပ်ဆောင်လျက်ရှိကြောင်း သုတေသန စစ်တမ်းထုတ်ပြန်ချက်များအရသိရသည်။
ယခုလို NUGက ထုတ်ပြန်လိုက်သည့် စစ်သည်ကျင့်ဝတ်များကို အမျိုးသားညီညွတ်ရေးအစိုးရ၏ ကာကွယ် ရေးနှင့်လုံခြုံရေးတပ်ဖွဲ့ဝင်များအားလုံး မဖြစ်မနေလေးစားလိုက်နာကြရမည်ဖြစ်ပြီး စစ်သည် ကျင့်ဝတ်များ ကိုလည်းထိန်းသိမ်းကာကွယ်စောင့်ရှာက်ရာတွင် ဝန်ကြီးဌာနများအားလုံးပူးပေါင်း ဆောင်ရွက်ကြရန်ပါ NUGက တိုက်တွန်းထားသည်။



















