Home သတင်း ကေအဲန်ယူ တပ်မဟာ(၆)နယ်မြေအတွင်း လေကြောင်းတိုက်ခိုက်မှု စစ်ကောင်စီ အပြင်းအထန်လုပ်ဆောင်နေ

ကေအဲန်ယူ တပ်မဟာ(၆)နယ်မြေအတွင်း လေကြောင်းတိုက်ခိုက်မှု စစ်ကောင်စီ အပြင်းအထန်လုပ်ဆောင်နေ

720
Photo: CJ

မတ်လ ၁၆ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင် တပ်မဟာ(၆)နယ်မြေတွင် ယခုမတ်လ ဒုတိယပတ်မှစတင်၍ စစ်ကောင်စီတပ်က လေယာဉ်ကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ နေ့ညမပြတ် အပြင်းအထန် လုပ်ဆောင်လာနေကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များထံမှ သိရသည်။

ယခုအပတ်တွင် ကေအဲန်ယူ တပ်မဟာ(၆) နယ်မြေအတွင်း နှစ်ရှည်ကြာ အခြေချတပ်စွဲထားသည့် စစ် ကောင်စီတပ်စခန်းများဖြစ်သော ဖလူးစခန်း၊ ကျိုက်ဒုံဗျူဟာကုန်းစခန်းနှင့် သင်္ဃန်းညီနောင်ရှိ စစ်စ ခန်းများကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- PDF တော်လှန်ရေး ပူးပေါင်းတပ်တို့ တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စစ်ကောင်စီဘက်မှ ယခုလိုအပြင်းအထန် လေကြောင်းတိုက်ခိုက်မှုလုပ်ဆောင်လာခြင်းလည်း ဖြစ်သည်။

ဒူးပလာယာခရိုင်အတွင်းရေးမှူး ပဒိုစောလစ္စတန်က “ ခုက သင်္ဃန်းညီနောင်၊ ဖလူး၊ ကျိုက်ဒုံ၊ အနန်းကွင်း နေရာအနှံ့ဖြစ်နေတော့ နေ့တိုင်းပဲလေယာဉ်နဲ့လာပစ်တာ။ ဘယ်လို ပြောရမလဲ တောင် မသိဘူး။ ခုနကပဲ ဝင်းရေးမှာသွားပစ်ပြီးပြန်သွားပြီ။ ဒီနေ့ ၁၂ စီးရှိသွားပြီး”ဟု ယမန်နေ့က ကေအိုင်စီသို့ ပြောသည်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုလုပ်ဆောင်ရာတွင် ဂျက်တိုက်လေယာဉ်ကို အများစု အသုံးပြုတိုက်ခိုက် ကြသလို တစ်ရက်လျှင် ပျမ်းမျှအစီးရေ ၂၀ ခန့် အသုံးပြုဗုံးကြဲတိုက်ခိုက်မှု လုပ်ဆောင်လျက်ရှိ ကြောင်းလည်း ကေအဲန်ယူ ဒူးပလာယာခရိုင်အတွင်းရေးမှူးက ပြောသည်။

“နေရာအနှံ့ပဲ တစ်ရက်ကို ပျမ်းမျှ ၂၀ စီးလောက်ရှိတယ်။ တနေ့က ၃၁ စီး။ မနေ့က ၂၆ စီး။ ဒီနေ့ ၁၂ စီး ပဲရှိ သေးတယ် ။ အစုံပဲ Y-12 ထောက်ပို့ရဟတ်ယာဥ်နဲ့လည်း ကြဲတယ်။ နောက် Jet fighter၊ နောက် MI 35၊ နောက် MI 17၊ နောက် K8W Jet fighter တွေပေါ့” ဟု ပဒိုစောစ္စတန်က ဆက်ပြောသည်။

Photo: CJ

စစ်ကောင်စီ လေကြာင်းပစ်ခတ်တိုက်ခိုက်မှုကြောင့် ယခုရက်ပိုင်းအတွင်း မြဝတီမြို့အနီးရှိ သင်္ဃန်းညီနောင်နှင့် ဝှေ့ရှမ်းကျေးရွာများတွင် ဒေသခံအရပ်သား ထိခိုက်သေဆုံးမှုရှိသလို စစ်ကောင်စီတပ်နှင့် တော်လှန်ရေး တပ်ဖွဲ့တို့ကြား နှစ်ဘက်တိုက်ပွဲကြောင့် တိုက်ပွဲဖြစ်စဉ်အနီးရှိ ပြည်သူအများအပြားလည်း အသက်ဘေးလွတ်မြောက်ရာနေရာများသို့ထွက်ပြေး တိမ်းရှောင်ခဲ့ကြရသည်ဟု သိရသည်။

ပြီးခဲ့သည့် မတ်လ ၁၄ ရက်နေ့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကေအဲန်ယူ မူတြော်ခရိုင် / တပ်မဟာ(၅) လူသောမြို့နယ် ဒေးပူနို့ကျေးရွာအုပ်စုတွင် စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် လာရောက် ဗုံးကြဲတိုက်ခဲ့သလို ကော့ကရိတ်မြို့ထဲတွင်လည်း ယမန်နေ့ညက ပေါင် ၅၀၀ ဗုံးဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်မှု လုပ်ဆောင်ခဲ့သေးကြောင်း သိရသည်။

ကော့ကရိတ်မြို့အနီးလှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက “ညတုန်းက ကျနော်တို့ထိန်းချုပ်ထားတဲ့နေရာတွေကို လေယာဉ်နဲ့လာကြဲသွားတယ်။ ပေါင် ၅၀၀ ဗုံးသီးတွေနဲ့ လာပစ်တယ်။ အခြေအနေကတော့ ငြိမ်မနေပါဘူး။ လာကြဲတာက များတယ်ဗျ။ ကော့ကရိတ်မြို့အမှတ် ၁ ကနေ ၇ ရပ်ကွက်အထိကြဲတယ်။ တချို့နေတွေ လည်းပါတယ်။ လေယာဉ်ကတော့ ညတိုင်း လာတယ်။ ညကတော့ ၃ လုံးကြဲသွားတယ်။ ရှေ့ကတော့ တစ်ပတ်ကို ၁ လုံးလောက်ပဲလာကြဲတယ်။ ပြည်သူပိုင်နေအိမ်တွေ ဘုန်းကြီးကျောင်းတွေအပါအဝင် အကုန်ပတ်ပြီးပစ်နေတယ်”ဟု ယမန်နေ့က ပြောသည်။

ကေအဲန်ယူ ဒူးပလာယာခရိုင်တွင် စစ်ရေးပဋိပက္ခကြောင့် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလအထိ စစ်ရှောင် ဦးရေပေါင်း ၁၃၆,၇၈၃ ဦးရှိခဲ့ကာ ယခုမတ်လထဲတွင် စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုအဆက်မပြတ်ပြုလုပ်မှုကြောင့် စစ်ရှောင်ထောင်နှင့်ချီ ထပ်တိုးလာကြောင်း လည်း စစ်ရှောင်ကူညီရေးလုပ်ဆောင်နေသည့်အဖွဲ့ထံမှ သိရသည်။