Home သတင်း ပိုင်ကျုံမြို့နယ်တွင်းရှိ ကျေးရွာဒေသများတွင် သက်ကြီးရွယ်အိုများ ဖျားနာမှုများပြားနေ

ပိုင်ကျုံမြို့နယ်တွင်းရှိ ကျေးရွာဒေသများတွင် သက်ကြီးရွယ်အိုများ ဖျားနာမှုများပြားနေ

811

ဇန်နဝါရီ ၃ ရက်၊၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၇)နယ်မြေ၊ ဖားအံခရိုင်၊ ပိုင်ကျုံမြို့နယ် ကျေးရွာများတွင် ဒီဇင်ဘာလကုန်ခါနီးမှစ၍ သက်ကြီးရွယ်အိုများအကြား ဖျားနာမှုများပြားနေပြီး ကူးစက်နှုန်းလည်း မြန်ဆန်နေကြောင်း ဒေသခံများက ပြောသည်။

ဖျားနာမှု ဖြစ်ပွားသည့် သက်ကြီးရွယ်အိုများအနေဖြင့် လည်ချောင်းနာခြင်း၊ ခြေလက်များ ကိုက်ခဲခြင်း၊ ပေါင်များနာခြင်းနှင့် နှာရည်ယိုခြင်းတို့ဖြစ်ပွားပြီး စားသောက်ရာတွင်လည်း ခံတွင်းများပျက်နေကြောင်း ဖျားနာသော အဖွားတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

၎င်းက “စဖြစ်တဲ့အချိန်မှာ ဆောင်းရောက်တော့ အေးတယ်လို့ ထင်တာ။ နောက်မှ ခြေတွေနာလာတယ်၊ ကိုဗစ်လိုပဲ အရသာမရတော့သလိုပဲ နည်းနည်းပဲရတယ်၊ အနံ့ကတော့ ရတုန်းပဲ အစက ကိုဗစ်ပြန် ဖြစ်ပြီးထင်တာ။ ဆေးခန်း ပြကြည့်မှမဟုတ်ဘူး။ ရွာထဲမှာတော့ ဖျားနာကြတာအများကြီးပဲ။ လူငယ် တွေတော့ သိပ်မဖြစ်ဘူး၊ လူကြီးသက်သက်ပဲ” ဟု ကေအိုင်စီသို့ ပြောသည်။

ရာသီအကူးအပြောင်းကာလတွင် ကျေးရွာဒေသခံများမှ ဖျားနာသူများပြားသော်လည်း ယခုလိုမျိုး သက်ကြီးရွယ်အိုအများအပြား ဖျားနာသည့် ဖြစ်စဉ်မျိုး မရှိသည့်အကြောင်းကို ဒေသတွင်း ကျန်းမာရေး လုပ်သားများက ပြောသည်။

“စိုးရိမ်စရာတော့ မရှိဘူး။ လူကြီးအများစုတော့ ဖျားကြတယ်။ ကူးတာတော့မြန်တယ်။ ရာသီကူး ပြောင်းဆိုတော့ ကိုယ်ခံအားနည်းတဲ့ လူတွေ၊ သက်ကြီးပိုင်းတွေတော့ ဖြစ်များတယ်။ ဒီလိုမျိုး ဖျားနာတာမျိုး ဖြစ်တာမရှိဘူး။ အခုက ဖျားနာပျောက်ဆေးနဲ့ တချို့လူကြီးတွေကို အားဆေးတွေပေးသောက်ထားတယ်” ဟု ကျန်းမာရေးလုပ်သားတစ်ဦးက ပြောသည်။

ပိုင်ကျုံမြို့နယ်အတွင်းရှိ ကျေးရွာဒေသအများစုသည် တောင်ခြေအနီးတဝိုက်တွင် တည်ရှိနေပြီး ဆောင်းရာသီအကူးအပြောင်းရောက်ချိန်တွင် အအေးဓာတ်များ၍ နှာစေး၊ ချောင်းဆိုးခြင်းနှင့် ဖျားနာခြင်းရောဂါများကိုပါ ခံစားနေတတ်သည်ဟု ဒေသခံများက ပြောဆိုသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်နိုဝင်ဘာလတွင်လည်း ပိုင်ကျုံမြို့နယ်အတွင်းရှိ ဒေသခံကျောင်းသား၊ ကျောင်း သူများ နေမကောင်း ဖြစ်သူများပြားသောကြောင့် စာသင်းကျောင်းများကို ခေတ္တခဏပိတ်ထားရသည့် ဖြစ်စဉ်မျိုးရှိခဲ့ဖူးသည်။