ဇန်နဝါရီလ ၃ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၂)နယ်မြေ၊ တောအူး(တောင်ငူ)ခရိုင်၊ ထောတထူ (ထန်း တပင်)မြို့နယ်၊ မိုနေပွာကျေးရွာအုပ်စုရှိ၊ ဖလေးဆာလို ကျေးရွာဘိုးဘွားပိုင် သင်္ချိုင်းမြေအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်း (၂) ခုမှ တပ်သားများ စခန်းစွန့်ခွာထွက်ပြေးသွားကြောင်း ကေအဲန်ယူဗဟိုက ယနေ့တွင် သတင်းထုတ်ပြန်ထားသည်။
စစ်ကောင်စီ၏ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၂၀) လက်အောက်ရှိ ဖလေးဆာလိုတပ်စခန်းကို ၆ လခန့် နှင့် ကလောမီဒဲတပ်စခန်းကို (၃) လခန့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA၊ တပ်ရင်း (၆) မှ ရိက္ခာ လမ်းကြောင်းများကို ဖြတ်တောက်ထားခဲ့ပြီးနောက် ရိက္ခာပြတ်လပ်မှုကြုံတွေ့ရသောကြောင့် ယခုလို စခန်း စွန့်ခွာထွက်ပြေးသွားခြင်းဖြစ်သည်ဟု ကေအဲန်ယူဗဟို၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့နောက် အဆိုပါ စစ်ကောင်စီတပ်၏ စစ်စခန်း ၂ ခုမှ တပ်သားများ စခန်းစွန့်ခွာထွက်ပြေးခဲ့ပြီးသည့်နောက် KNLA တပ်ဘက်မှ နယ်မြေရှင်းလင်းရေးလုပ်ဆောင်ရာတွင် စခန်းအတွင်းမှ ခဲယမ်းများစွာ သိမ်းဆည်းရမိခဲ့ပြီး စခန်းကိုလည်း မီးရှို့ရှင်းလင်းခဲ့ကြောင်း ကေအဲန်ယူ ဗဟိုထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ စွန့်ခွာထွက်ပြေးသွားသည့် တပ်စခန်း ၂ ခုသည် ၁၉၇၅ ခုနှစ်တွင် ပထမအကြိမ် စတင်တပ်စွဲခဲ့ပြီး ၁၉၇၉ ခုနှစ်တွင်ပြန်လည် ဆုတ်ခွာသွားခဲ့ကြောင်း၊ ဒုတိယအကြိမ်အနေဖြင့် ၂၀၀၆ ခုနှစ်တွင် စစ်ကောင်စီ၏ တပ်မ (၆၆) မှ ဦးဆောင်ပြီး တောအူး(တောင်ငူ)ခရိုင် အတွင်းနေထိုင်ကြသည့် ကရင်လူမျိုးများကို မြေလှန်စနစ်ဖြင့် လူမျိုးတုံး ရှင်းလင်းရေး စစ်ဆင်ရေးအတွက် ဝင်ရောက်ကျူးကျော်လာခဲ့သည့် တပ်စခန်းဖြစ်ကြောင်း ကေအဲန်ယူက ပြောသည်။

ကေအဲန်ယူ ဗဟို၏ ထုတ်ပြန်ချက်ပါ ဓာတ်ပုံမှတ်တမ်းအရ အဆိုပါ စခန်းစွန့်ခွာထွက်ပြေးသွားသည့် စစ်ကောင်စီ တပ်စခန်းမှာ ခြေမြန်တပ်ရင်း-ခမရ ၅၈၁ တပ်ရင်းဖြစ်ပြီး ထွက်ပြေးသွားသည့် တပ်သားဦးရေ အရေအတွက်အတိအကျကို သတင်းထုတ်ပြန်ချက်တွင် မတွေ့ရှိရပါ။
အလားတူ စစ်ကောင်စီ တပ်စခန်းကုန်းများကို KNLA ပူးပေါင်းတပ်ဘက်မှ ရိက္ခာဖြတ်တောက်ခြင်းကြောင့် စစ်ကောင်စီတပ်၏ စခန်းစွန့်ခွာထွက်ပြေးမှုများသည် ကေအဲန်ယူ တပ်မဟာ(၂)နယ်မြေအတွင်းသာမက ကေအဲန်ယူ တပ်မဟာ (၅)နယ်မြေရှိ စစ်ကောင်စီ တပ်စခန်းကုန်းများတွင်လည်း လမ်းပန်းဆက်သွယ်ရေး ဖြတ် တောက်ခံထားရသည့်အပြင် ရိက္ခာပြတ်လပ်မှုများနှင့်လည်း ကြုံတွေ့နေရလျက်ရှိသည်ဟု သိရသည်။



















