Home သတင်း ကြာအင်းဆိပ်ကြီး ပြည်သူ့ဆေးရုံဝင်းထဲ စစ်ကောင်စီတပ်ဝင်ရောက်တပ်စွဲထား၍ ဆေးရုံပိတ်လိုက်ရ

ကြာအင်းဆိပ်ကြီး ပြည်သူ့ဆေးရုံဝင်းထဲ စစ်ကောင်စီတပ်ဝင်ရောက်တပ်စွဲထား၍ ဆေးရုံပိတ်လိုက်ရ

1040

နိုဝင်ဘာလ ၁၇ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင်/တပ်မဟာ(၆)နယ်မြေ ၊ ကြာအင်း ဆိပ်ကြီးမြို့ရှိ ပြည်သူ့ဆေးရုံဝင်းထဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြားဝင်ရောက်တပ်စွဲနေထိုင်၍ ဆေးရုံပိတ်ထားလိုက်ရသည်ဟု မြို့ခံထံများမှ သိရသည်။

ကြာအင်းဆိပ်ကြီးမြို့ပေါ်ရှိ စစ်ကောင်စီတပ်စွဲရာ ရဲစခန်းနှင့် ဌာနဆိုင်ရာရုံးများကို ပြီးခဲ့သည့် နိုဝင် ဘာလ (၂) ရက်နေ့က တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီ တပ်ဖွဲ့ဝင်အချို့သည် ကြာအင်းဆိပ်ကြီး ပြည်သူ့ဆေးရုံဝင်းထဲတွင် တပ်အင်အားဖြည့် တင်းကာ တပ်စွဲနေထိုင်လာခြင်းဖြစ်သည်ဟု ကြာအင်းဆိပ်ကြီးမြို့ခံတစ်ဦးက ပြောသည်။

၎င်းမြို့ခံက “ဆိပ်ကြီးမြို့ဆေးရုံမှာဆိုရင် အခု လူနာတွေဆေးရုံသွားတက်လို့ မရဲဘူး။ ပြီးခဲ့တဲ့ အပတ် တုန်းက နည်းနည်းသွားရဲသေးတယ်။ မနက် ၇နာရီဖွင့်ပြီး ညနေ၅နာရီပိတ်တယ်။ လူတွေ သွားလို့ ရသေးတယ်။ အခုတစ်ပတ်က ဘယ်သူမှ ဆေးရုံမတက်ရဲတော့ဘူး။ ဆေးရုံဝင်းမှာ တပ်စခန်း လိုမျိုးဖြစ်သွားတယ်။ ဆေးရုံဝင်းမှာ စစ်သားတွေပဲနေတော့ ဘယ်လိုလုပ်ဆေးရုံသွားလို့ရဲမလဲ”ဟု ကေအိုင်စီသို့ ပြောသည်။

ဆေးရုံဝင်းထဲ စစ်ကောင်စီတပ်များ ဝင်ရောက်တပ်စွဲနေထိုင်သည့်အတွက် ဆေးရုံအနီးနားဝန်းကျင်ရှိ ဒေသခံအချို့မှာ တိုက်ပွဲဖြစ်ပွားလာမည်ကို စိုးရိမ်၍ အခြားနေရာများသို့ ပြောင်းရွှေ့နေထိုင်ကြသလို အရေးပေါ်လူနာများ ဆေးကုသနိုင်ရန် အခက်အခဲကြုံတွေ့နေရကြောင်းလည်း အဆိုပါ မြို့ခံက ဆက်ပြောသည်။

တော်လှန်ရေးပူးပေါင်းတပ်များ ဝင်ရောက်တိုက်ခိုက်စီးနင်းခဲ့ပြီးနောက် လက်ရှိတွင် ကြာအင်း ဆိပ်ကြီးမြို့ပေါ်ရှိ စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာရုံးများလည်ပတ်မှု ရပ်တန့်သွားပြီဖြစ်သလို တော်လှန်ရေးပူးပေါင်းတပ်ဘက်မှ မြို့သိမ်းတိုက်ပွဲလုပ်ဆောင်လာမည်ကို စိုးရိမ်နေသည့်အတွက် မြို့ ပေါ်ရှိ စစ်ကောင်စီခြေလျင်တပ်ရင်း ခလရ-၃၂၊ ခလရ-၂၈၃နှင့် ခလရ-၂၀၄ တပ်ရင်းများ စုစည်းပြီး ပြည်သူ့ဆေးရုံဝင်းထဲ၌ ယခုလိုဝင်ရောက်တပ်စွဲနေထိုင်ခြင်းဖြစ်ကြောင်းလည်း ဒေသခံဘက်မှ ဆိုသည်။

ကြာအင်းဆိပ်ကြီးမြို့ရှိ စစ်ကောင်စီတပ်စွဲနေထိုင်ရာဖြစ်သည့် ရဲစခန်း၊ ထွေအုပ်ရုံး၊ လဝကရုံး၊ သစ်တောရုံးနှင့် မီးသတ်ရုံးတို့ကို တော်လှန်ရေးပူးပေါင်းတပ်ဘက်မှ ဝင်ရောက်တိုက်ခိုက် သည့်အချိန်တွင်လည်း စစ်ကောင်စီဘက်မှ (၁၁)ဦးသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့-SOFဘက်က သတင်းထုတ်ပြန်ထားခဲ့ခြင်းရှိသည်။

မြို့ထဲရှိ စစ်ကောင်စီအခြေစိုက်ရာ နေရာအများအပြားကို ကော်သူးလေအာမီ-KTLA နှင့် တော် လှန်ရေးပူးပေါင်းတပ်ဘက်မှ အောက်တိုဘာလ ၂၅ ရက်နေ့ကတည်းကစ၍ ဒရုန်းစစ်ဆင် ရေးစတင် ပြုလုပ်ကာ စစ်ကောင်စီတပ်စွဲရာနေရာများကို ၁၀၇ မမ၊ ၈၁ မမ၊ ၆၀မမနှင့် တိုက်ခိုက်မှု ပြုလုပ် သောကြောင် စစ်ကောင်စီနေရာအများအပြား ပြိုကျပျက်စီးမှုရှိကြောင်း Cloud Wing ဒရုန်းတပ်ဖွဲ့ကလည်း ထုတ်ပြန်ထားခြင်းရှိသည်။

ထို့အပြင် ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်ကို ဆက်သွယ်ထားသော ချောင်းနှစ်ခွတံတားဂိတ်နှင့် ရဲစခန်းကိုလည်း နိုဝင်ဘာလ (၁၀)ရက်နေ့တွင် တော်လှန်ရေးပူးပေါင်းတပ်များက ဒရုန်းဖြင့် ဝင်ရောက် စတင်တိုက်ခိုက်ခဲ့ပြီး နိုဝင်ဘာလ (၁၅)ရက်နေ့အထိ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု သိရသည်။

၎င်းတိုက်ပွဲဖြစ်စဉ်တွင် စစ်ကောင်စီဘက်မှ မြေပြင်စစ်ကြောင်းနှင့် စစ်ကူတက် လာသည့်အပြင် လေကြောင်းတိုက်ခိုက်မှုကို ပါလုပ်ဆောင်သော်လည်း တိုက်ပွဲဖြစ်ပွားသည့် ၆ ရက်အတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂၅ သေဆုံးကာ ၂၈ ဦးဖမ်းဆီးရမိသလို အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ခြင်း လည်းရှိကြောင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့-SOFဘက်မှ နိုဝင်ဘာလ ၁၅ရက်နေ့တွင် ထုတ်ပြန်ထားသည်။