နိုဝင်ဘာလ ၁၇ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
KNU-ကရင်အမျိုးသားအစည်းအရုံးအနေဖြင့် အရှိန်အဟုန်ပြင်းထန်သော တိုက်ပွဲလှိုင်းဂယက်များ သယ်ဆောင်လာတော့မည် ဖြစ်သောကြောင့်စစ်ကောင်စီ လက်အောက်ခံရှိ တပ်ဖွဲ့ဝင်များ KNU ထံသို့ အမြန်ဆုံးဘက်ပြောင်း၍ လက်တွဲပူးပေါင်းကြရန် နိုဝင်ဘာလ (၁၇)ရက်၊ ယနေ့တွင် ၎င်းတို့၏ လူမှုကွန် ရက်စာမျက်နှာ၌ ထုတ်လွှင့်တင်ဆက်ထားသော ရုပ်သံမှတဆင့် KNU ပြောခွင့်ရသူ ပဒိုစောတောနီးက အသိပေးတိုက်တွန်းလိုက်သည်။
စစ်တပ်အာဏာသိမ်းကာလအတွင်း ကေအဲန်ယူနယ်မြေတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မ တော်-KNLA ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတို့ တိုက်ပွဲအများအပြားဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက် မှ ထိခိုက်ကျဆုံးမှုအများအပြား ရှိခဲ့သလို ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ညီနောင် မဟာမိတ်တပ်များ၏ (၁၀၂၇)စစ်ဆင်ရေးအတွင်း စစ်တပ်က ၎င်းတို့၏ကျဆုံးအင်အားကို ထပ်မံဖြည့်တင်းနိုင်ခြင်း မရှိတော့ သောကြောင့် တော်လှန်ရေးတိုက်ပွဲမှာ အဖြူအမဲ သဲကွဲနေပြီဖြစ်ကြောင်း ပဒိုစောတောနီးက ထိုရုပ်သံ တွင် ထည့်သွင်းပြောဆိုထားသည်။
ထို့အပြင် ကေအဲန်ယူအနေဖြင့်လည်း ပိုမိုပြင်းထန်သော လှိုင်းဂယက်မျိုးကို သယ်ဆောင်လာတော့မည် ဖြစ်ပြီး ပြည်သူတစ်ရပ်လုံးပါဝင်သော လူထုတိုက်ပွဲများ၊ မျက်နှာစာအသီးသီးရှိ နိုင်ငံရေးနှင့် သံတမန် ရေးတိုက်ပွဲများ၊ စီးပွားရေးပိတ်ဆို့များကို ဖော်ဆောင်တော့မည်ဖြစ်သောကြောင့် စစ်တပ်လက်အောက် ခံများအနေဖြင့် KNU သို့ ဘက်ပြောင်းပူးပေါင်းကြရန်လည်း ၎င်းက ယခုလို တိုက်တွန်းပြောဆိုသည်။
“ကျနော်တို့ကေအဲန်ယူ တပ်မဟာ(၂)နယ်မြေထဲမှာ ပြီးခဲ့တဲ့ ၂၀၀၈ ခုနှစ်တုန်းက စစ်ကောင်စီရဲ့ DSA ကျောင်းဆင်း တပ်မမှူး ဗိုလ်မှူးချုပ်ကောင်းမြတ်ကို သုတ်သင်ခဲ့တဲ့ဖြစ်ရပ်မျိုးရှိခဲ့ပြီ။ အခုတစ်ခေါက် ကျနော်တို့က ဒီထက်ပိုပြင်းထန်တဲ့ လှိုင်းဂယက်မျိုးကို သယ်ဆောင်လာတော့မှာဖြစ်တယ်။ စစ်ကောင်စီ လက်အောက်မှာရှိတဲ့သူတွေဟာ ကျနော်တို့ရဲ့လက်ချက်နဲ့ပဲ ဆုံးရှုံးမှုတစ်ရပ်ကို ရင်ဆိုင်ရတော့မှာပါ။ ဒါကြောင့် ကျနော်တို့နဲ့လက်တွဲပြီး ဘက်ပြောင်းလာကြပါ။ ပြောင်းလာလို့မရဘူးဆိုရင် ရှိတဲ့နေရာမှာပဲ စစ်ကောင်စီကို အပြုတ်တိုက်ကြပါ။”ဟု ပဒိုစောတောနီးက ပြောသည်။
ထို့အပြင် စစ်ရေး၊ နိုင်ငံရေးအရ ဆောက်တည်ရာမရဖြစ်နေသော စစ်ကောင်စီအနေဖြင့် ပြည်သူလူထု ဝေဝါးလာစေရန် နိုင်ငံရေးအကျဥ်းသားအချို့ကို ပြန်လွှတ်ပေးခြင်း၊ နိုင်ငံတော်ခေါင်းဆောင်တစ်ဦးအား ပြန်လည်လွတ်မြောက်ခွင့်ပေးကာ ညှိနှိုင်းခြင်းမျိုး လုပ်ဆောင်လာနိုင်ဖွယ်ရာရှိသည့်အတွက် လူထု အပါအဝင် တော်လှန်ရေးအင်အားစုများအနေဖြင့် တွေဝေစရာမလိုဘဲ KNU နှင့် လက်တွဲပူးပေါင်းကြ ရန် အဆိုပါရုပ်သံတွင် သတိပေးနှိုးဆော်ထားသည်။

KNU အနေဖြင့်လည်း ပြည်သူနှင့်လက်တွဲဆောင်ရွက်ကာ တော်လှန်ရေးပြီးဆုံးသည်အထိ တိုက်ပွဲဝင် သွားမည်ဖြစ်ပြီး နိုင်ငံတကာအဖွဲ့အစည်းများကလည်း ထောက်ခံအားပေးကြရန်နှင့် မြန်မာပြည်တစ် ဝှမ်းရှိ ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာနေရသူ ဒုက္ခသည် (၂)သန်းအတွက် လိုအပ်သော လူသားချင်း စာနာမှု အကူအညီများပေးကြရန် တောင်းဆိုထားသည်။
စစ်တပ် အာဏာသိမ်းယူသည့် ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလမှ ယခု ၂၀၂၃ခုနှစ် စက်တင်ဘာလအထိ KNLA ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပေါင်း တစ်သောင်းတစ်ထောင်ကျော် ဖြစ်ပွား ခဲ့သည်တွင် စစ်ကောင်စီဘက်မှ ၁၀,၇၄၁ဦးသေဆုံး၍ ၇၀၀၀ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KNU က ပြုစုထားသည့်စာရင်းများအရ သိရသည်။
လက်ရှိအချိန်ထိ မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA)၊ တအာင်းအမျိုး သားလွတ်မြောက်ရေးတပ်မတော် (TNLA)၊နှင့် ရက္ခိုင့်တပ်တော်(AA)ပါဝင်သည့် မြောက်ပိုင်းညီနောင် မဟာမိတ် ၃ဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း ရှမ်းမြောက်ပိုင်း ရှိ မြို့ ၅မြို့ အပါအဝင် စစ်ကောင်စီ စခန်းပေါင်း (၁၅၀)ကျော်အား သိမ်းပိုက်ထားနိုင်ပြီဟု ကိုးကန့်အဖွဲ့(MNDAA)က ထုတ်ပြန်ထား သည်။
ထို့အတူ ကရင်နီ(ကယား)တော်လှန်ရေးတပ်ဖွဲ့များ၏ (၁၁.၁၁) စစ်ဆင်ရေးအတွင်း တော်လှန်ရေးတပ်ဖွဲ့ ထံ စစ်ကောင်စီဘက်က လက်နက်ချလာသူ (၄၀)ဦးထက်မနည်းရှိနေပြီး လက်နက်ကြီး၊ လက်နက်ငယ် အများအပြားလည်း သိမ်းဆည်းရမိထားကြောင်း တော်လှန်ရေးအင်အားစုများ၏ ထုတ်ပြန်ချက်အရ သိရသည်။




















