Home သတင်း တောင်ငူမြို့နယ်ရှိ နေအိမ်(၂၅)လုံး စစ်ကောင်စီတပ်မီးရှို့ဖျက်ဆီး၊ ဒေသခံများ စစ်ဘေးတိမ်းရှောင်နေရ

တောင်ငူမြို့နယ်ရှိ နေအိမ်(၂၅)လုံး စစ်ကောင်စီတပ်မီးရှို့ဖျက်ဆီး၊ ဒေသခံများ စစ်ဘေးတိမ်းရှောင်နေရ

834
Photo: CJ

နိုဝင်ဘာလ ၁၄ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တောင်ငူခရိုင်/တပ်မဟာ (၂)၊ တောင်ငူမြို့ နယ်၊ ကယားပြုံးချောင်းရွာအနီး ပြီးခဲ့သည့် နိုဝင်ဘာလ(၁၂)ရက်နေ့က စစ်ကောင်စီ တပ်နှင့် တော်လှန်ရေးအင်အားစုများ တိုက်ပွဲဖြစ်ပွားခဲ့နောက် စစ်တပ်ဘက်က ရွာရှိ နေအိမ် (၂၅)လုံးအား မီးရှို့ဖျက်ဆီးခဲ့သဖြင့် ဒေသခံများဘေးလွတ်ရာသို့ တိမ်းရှောင်နေ ရကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များမှ သိရသည်။

တောင်ငူ-သံတောင်လမ်း (၅)မိုင်နှင့်(၇)မိုင်စခန်းရှိ စစ်ကောင်စီတပ် ပူးပေါင်း စစ် ကြောင်းက အဆိုပါကျေးရွာအနီး စစ်ကြောင်းထိုးဝင်ရောက်လာရာမှ ထိတွေ့တိုက် ပွဲဖြစ်ပွားခြင်းဖြစ်ပြီး ရွာရှိဒေသခံများက ပြည်သူ့ကာကွယ်ရေးတပ်(PDF)များအား လက်ခံထားသည်ဟု စွပ်စွဲချက်ဖြင့် ရွာအတွင်းဝင်ရောက်ကာ ဒေသခံပိုင်နေ အိမ်များ အား ထိုသို့မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟု နယ်ခံများက ဆိုသည်။

နယ်ခံတစ်ဦးက “ဖြစ်တာတော့ရွာနားမှာဖြစ်ကြတာပဲ၊ ပြန်ဝင်လာပြီး ရွာသားတွေ နေတဲ့အိမ်တွေကိုမီးရှို့တာ။ သပ်သပ်စွပ်စွဲတာပါ။ ရွာနားမှာဖြစ်ပြီဆိုရင် ရွာထဲကအိမ် တွေရှို့ဖို့ပဲရှိတော့တယ်လေ၊ ကုလားမနိုင်တော့ ရခိုင်မဲတဲ့သဘောပေါ့။ အထိအခိုက် တော့မရှိဘူး။ ရွာသားတွေအကုန်လုံးကတော့ လောလောဆယ် လွတ်ရာကို ရွှေ့ကုန် ကြပြီ။” ဟု ၎င်းက ယနေ့ (နိုဝင်ဘာလ ၁၄)ရက်နေ့တွင် ပြောသည်။

တိုက်ပွဲဖြစ်ပွားစဥ် လက်နက်ကြီးများဖြင့် စစ်ကောင်စီ၏ (၇)မိုင်တပ်ရင်းမှ ပစ်ကူ တိုက်ခိုက်ပေးခဲ့ရာ ရွာအတွင်းမကျရောက်သဖြင့် ဒေသခံများ ထိခိုက်ဒဏ်ရာရ မှုမရှိဟု ဒေသခံများက ပြောသည်။

သို့သော်လည်း ပစ်ခတ်မှုများကြောင့် ကယားပြုံးချောင်းအပါအဝင် ရှမ်းပြုံး ချောင်းနှင့် ရေဆင်းကုန်းရွာတို့မှ လူဦးရေ(၃၀၀)ထက်မနည်း စစ်ဘေးတိမ်းရှောင်နေကြရသလို သာသနာပိုင်းမှတာဝန်ရှိသူများနှင့် နီးစပ်ရာ ဒေသခံများက အကူအညီ ပေးထားရကြောင်း သိရသည်။

Photo: CJ

“လောလောဆယ် စစ်ရှောင်တွေကို ကျမတို့နေရာချထားပေးတယ်။ အသင်းတော် အသီးသီးကလည်း တတ်နိုင်သလောက်တော့ ပါဝင်ကူညီပေးပါတယ်။” ဟု ဒေသခံစစ် ရှောင်ကူအမျိုးသမီးတစ်ဦးက ပြောသည်။

ထို့အပြင် စစ်ဘေးရှောင်များအား သွားရောက်အကူအညီပေးနိုင်ရန် သံတောင်ကြီး မြို့နယ်အတွင်း စားနပ်ရိက္ခာများ အကန့်အသတ်ဖြင့်သာ သယ်ဆောင်နေရသဖြင့် အခက်အခဲရှိသောကြောင့် နီးစပ်ရာလမ်းကြောင်းမှ အကူအညီပေးနေရသည်ဟုလည်း အခြားစစ်ရှောင်ကူအမျိုးသားတစ်ဦးက ဆိုသည်။

၎င်းက “အခုလောလောဆယ် ကျနော်တို့ လူစာရင်းကောက်နေတယ် သေချာ မသိရ သေးဘူး။ အပြင်က သူငယ်ချင်း ဆွေမျိုးအသိုင်းအဝိုင်းဆီကနေ ထောက်ပံ့တာလေး တွေနဲ့ ပြန်ကူဖို့ရှိတယ်။ သံတောင်ဘက်ကနေ လှည့်သွားလို့တော့အဆင်မပြေဘူး။ လူကသွားလာလို့အဆင်ပြေတယ်။ ဆန်ဆီဆားငါးပိကျတော့ သူတို့ပိတ်ပင်ထားတော့ သယ်လို့အဆင်မပြေဘူး။ အခြား ဘက်ကသွားရမယ်” ဟု ကေအိုင်စီသို့ပြောသည်။

လက်ရှိတွင် စစ်ကောင်စီတပ်များက ကယားပြုံးချောင်းရွာပတ်လည်တွင် ကင်းပုန်း ဝပ်နေကြရာ ယမန်နေ့ နိုဝင်ဘာလ(၁၃)ရက်နေ့ကလည်း တော်လှန်ရေး အင်အားစု များနှင့် ပစ်ခတ်မှု ထပ်မံဖြစ်ပွားကြသေးကြောင်း သိရသည်။

အလားတူ ပြီးခဲ့သည့် စက်တင်ဘာလ(၁၄)ရက်နေ့ကလည်း ကယားပြုံးချောင်းနှင့်ရှမ်း ပြုံးချောင်းရွာသို့ စစ်ကောင်စီတပ်ဖွဲ့ ဝင်ရောက်လာပြီး မသင်္ကာမှုဖြင့် ရွာနှစ်ရွာပေါင်းရှိ နေအိမ်(၁၁)လုံးအား မီးရှို့ဖျက်ဆီးခဲ့သည့်အပြင် ရွာသား(၂)ဦးကို ဖမ်းဆီးစစ် ဆေးမှု များပြုလုပ်ခဲ့သဖြင့် ဒေသခံများ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရသေးသည်။

Photo: CJ