Home သတင်း နေရပ်စွန့်ခွာသည့် ဖာပွန်မြို့ခံ နေအိမ်အတွင်းရှိ ပစ္စည်းများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ ယူဆောင်နေ

နေရပ်စွန့်ခွာသည့် ဖာပွန်မြို့ခံ နေအိမ်အတွင်းရှိ ပစ္စည်းများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ ယူဆောင်နေ

750

နိုဝင်ဘာလ ၁၄ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ မူတြော်(ဖာပွန်)ဒေသတွင် လမ်းပန်းဆက်သွယ်ရေးပြတ်တောက်မှုနှင့် စားဝတ်နေရေးခက်ခဲမှုကြောင့် နေရပ်စွန့်ခွာခဲ့ကြသည့် ဒေသခံပြည်သူများ၏ နေအိမ်များရှိ ပစ္စည်းများကို စစ်ကောင်စီတပ်က ယူဆောင်မှုများပြုလုပ် နေ ကြောင်း ဖာပွန်မြို့ခံများက ပြောသည်။

ဒေသအတွင်း ပညာရေး၊ ကျန်းမာရေး၊ နေထိုင်ရေးနှင့်အခြေခံစားသောက်ကုန်ခက်ခဲမှုများနှင့် မိမိတို့၏ စားဝတ်နေရေး အဆင်မပြေမှုများကြောင့် ပြည်ပနိုင်ငံနှင့် အခြားသောနေရာအသီးသီးကို ထွက်ခွာခဲ့ကြသူများ၏ တံခါးသော့ခတ်ထား သည့် နေအိမ်အတွင်းမှ တံခါးသော့များကို ရိုက်ဖျက်ကာ ပစ္စည်းများကို ယူဆောင်နေပြီး ဝင်ရောက်နေထိုင်မှုများလည်း ပြု လုပ်နေသည်ဟု ဖာပွန်မြို့ခံတစ်ဦးက ယခုလို ပြောသည်။

“ဘန်ကောက်ထွက်သွားကြတဲ့သူတွေရဲ့ အိမ်တွေမှာ စစ်တပ်က ဝင်မွှေနေတယ်။ အိမ်တွေကလည်း အပြင်ကသော့ခတ် ထားတော့ လူမရှိမှန်း သူတို့သိတယ်လေ။ အိမ်ကိုရိုက်ဖွင့်ထားပြီး အိမ်ထဲက ပစ္စည်းတွေအကုန်ယူသွားတယ်။ မီးလုံးတွေ အိပ်ယာတွေ စားစရာတွေ တွေ့တဲ့ဟာအကုန် သယ်သွားတယ်။ လူမရှိပါစေ အခုလိုအိမ်တံခါးတွေရိုက်ဖျက်ပြီး ပစ္စည်း လိုက်ယူတာ မကောင်းဘူးပေါ့နော်။ တစ်ချို့အိမ်တွေဆို သူတို့ဝင်နေနေတယ်”ဟု ၎င်းမြို့ခံက ကေအိုင်စီ သို့ ပြောသည်။

ဒေသတွင်း နှစ်ဖက်တိုက်ပွဲများကြောင့် လမ်းပန်းဆက်သွယ်ရေးပြတ်တောက်မှုနှင့် အခြေခံစားသောက်ကုန် ဆန်၊ ဆီ၊ ဆား ပြတ်လပ်မှုများကြောင့် ဒေသခံပြည်သူများက နည်းလမ်းအမျိုးမျိုးဖြင့် ပြည်ပသို့ထွက်ခွာသွားကြသလို အချို့ ပြည်သူ များကလည်း ဖာပွန်မြို့နှင့်နီးစပ်သည့် ဖားအံ၊ မော်လမြိုင် စသည့်မြို့များအတွင်းသို့ သွားရောက် အလုပ်လုပ်ကိုင်နေ ကြခြင်းဖြစ်သည်။

ထိုသို့ လူနေထိုင်မှုမရှိသည့်နေအိမ်များထဲမှ ပစ္စည်းများကို ယူဆောင်နေသည့်အပြင် ဖာပွန်မြို့အနီး ကျေးရွာများတွင် လည်း အခြေချစစ်ရေး လှုပ်ရှားနေသည့် စစ်ကောင်စီတပ်များက ဒေသခံပြည်သူများ၏ နေအိမ်မှငွေကြေး၊ အသုံးအဆောင်ပစ္စည်း၊ ဆန်၊ အိမ်မွေးတိရစ္ဆာန်များကို အတင်းအဓမ္မယူ ဆောင်မှုများပြုလုပ်နေကြောင်း ကေအဲန်ယူ မူတြော်ခရိုင် သတင်းစဉ်က ထုတ်ပြန်ထားမှုရှိသည်။

စစ်ကောင်စီတပ်က လူနေထိုင်ခြင်းမရှိသည့် နေအိမ်များမှ ပစ္စည်းများကို ယူဆောင်ခြင်းသည် စစ်ကောင်စီ တပ်များ အတွက် ရိက္ခာလမ်းကြောင်း ပြတ်တောက်နေသည့်အတွက် ရိက္ခာများပြတ်လပ်နေပြီး တစ်ရက်တာ စားသုံးရန် အတွက် သာ ရှာဖွေနေရသည်ဟု အမည်မဖော်လိုသူ ဌာနဆိုင်ရာရုံး နှင့် နီးစပ်သူတစ်ဦးက ကေအိုင်စီသို့ပြောသည်။

၎င်းက “လမ်းကြောင်းတွေကလည်းပိတ် ကိုယ်တွေလည်းစားဖို့မရှိ သူတို့တွေလည်းရိက္ခာပြတ်ပဲ။ အရင်လတွေကတော့ အခုလို လုပ်တာမရှိဘူး။ စစ်စခန်းတွေက သူတို့မိသားစုတွေလည်း စားစရာပြတ်နေတော့ ရှိတာ ရတာတွေကို ရှာကြံကျွေး နေတဲ့သဘောပဲပေါ့” ဟု ပြောသည်။

အလားတူ ဖာပွန်မြို့တွင် လမ်းပန်းဆက်သွယ်ရေးပြတ်တောက်နေမှုနှင့် အခြေခံစားသောက်ကုန်များ ပြတ်လပ်နေမှု ကြောင့် ဒေသခံပြည်သူတစ်ချို့ ပြည်ပနိုင်ငံသို့ ထွက်ခွာခဲ့ကြသလို မြို့အတွင်းကျန် ရှိနေသေးသည့် ဒေသခံ ပြည်သူများ အနေဖြင့်လည်း နှစ်ဖက်တိုက်ပွဲများကြောင့် တောင်ယာစိုက်ခင်းထဲသို့ မသွားရဲဘဲ ခက်ခဲမှုများနှင့်သာ နေထိုင်နေရသည်ဟု မြို့ခံများက ဆိုသည်။