Home သတင်း KTLA နှင့် ဆက်ဆံမှုရှိသည့် ရွာသားများကို ခေါ်ယူတွေ့ဆုံခဲ့ကြောင်း ကေအဲန်ယူပြော

KTLA နှင့် ဆက်ဆံမှုရှိသည့် ရွာသားများကို ခေါ်ယူတွေ့ဆုံခဲ့ကြောင်း ကေအဲန်ယူပြော

803
Photo: Kwekalu

နိုဝင်ဘာလ ၁၄ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုသားအစည်းအရုံး ဘိတ်ထားဝယ်ခရိုင်/ တပ်မဟာ(၄)နယ်မြေ ကစယ်ဒိုမြို့နယ် အတွင်းရှိ ကော်လာဖိုး (အယ်ခွီး) ဦးဆောင်သည့် ကော်သူးလေအာမီ-KTLA နှင့် သွားရောက်ပူးပေါင်းပြီး ပြန်လာသည့် ရွာသားအချို့ကို နယ်မြေတာဝန်ရှိသူများက ခေါ်ယူတွေ့ဆုံခဲ့သည်ဟု ဘိတ်ထားဝယ်ခရိုင် တာဝန်ရှိသူက ပြောသည်။

KTLA နှင့် သွားရောက်ပူးပေါင်းမှုလုပ်ဆောင်သည့် ဒေသခံများရှိပါက မိမိကိုယ်တိုင်အသိပေးလာရန် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA တပ်ရင်း(၁၂) တာဝန်ရှိသူတို့က သတိပေးနှိုးဆော် ခဲ့ပြီးနောက် ဖောခလိုးဒေသခံရွာသား (၁၃)ဦးက မြို့နယ်အဆင့် KNU အုပ်ချုပ်ရေးနှင့် တပ်ပိုင်းဆိုင်ရာ တာဝန်ရှိသူတို့အား လာရောက်တွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်း ကေအဲန်ယူဘိတ်ထားဝယ်တာရှိသူက ပြောသည်။

အဆိုပါ မြို့နယ်တာဝန်ရှိသူများနှင့် လာရောက်တွေ့ဆုံသည့် ဒေသခံ (၁၃)ဦးထဲမှ (၆)ဦးမှာ ၎င်းတို့ လုံခြုံရေးအတွက် KNU ဘက်မှ ဆက်လက်ခေါ်ထားပြီး ကျန်သူများမှာ ကျေးရွာတာဝန်ရှိသူ၏ အာမခံချက်နှင့်သာမန်ရွာသားအနေဖြင့်သာ နေထိုင်သွားမည်ဖြစ်သည့်အတွက် ပြန်သွားကြပြီဟု ကေအဲန်ယူ ဘိတ်ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နာက ပြောသည်။

ပဒိုစောအယ်နာက “သူတို့ကို တွေ့ဆုံမေးမြန်းတာပဲ ဖြစ်တယ်။ တစ်ခါတစ်လေ သူတို့က ရွာမှာ ပြန်လာ နေတယ်။ ကော်လာဖိုးလူတွေဘက်ကလာခေါ်တော့ သူတို့က လိုက်ပြီး ပါသွားတာတွေရှိတယ်။ ရွာမှာ အေးအေးဆေးဆေးပြန်နေဖို့ သူတို့နားလည်သဘောပေါက်အောင်ပြောပြီး ခေါ်ယူတွေ့ဆုံတာပါပဲ။ ဘာပြဿနာမှမရှိဘူး။ သူတို့ကို ရန်သူအဖြစ်လည်း မသတ်မှတ်ဘူး။ တချို့က ပြန်သွားရင် ကော်လာဖိုး လူတွေလာခေါ်ပြီး အပြစ်တင်မှာလည်းကြောက်တော့ ကျနော်တို့က ဆက်လက်ခေါ်ထား တာဖြစ်တယ်”ဟု ကေအိုင်စီသို့ ပြောသည်။

၎င်းအပြင် ရွာသားများအနေဖြင့် ကော်လာဖိုး ဦးဆောင်သည့်တပ်ဖွဲ့နှင့် ပူးပေါင်းလုပ်ဆောင်သည်ဖြစ်စေ၊ ထောက်ပံ့ပေးသည်ဖြစ်စေ ၎င်းတို့ဘက်မှ အရေးယူမည်မဟုတ်သလို ကေအဲန်ယူ ရပ်တည်ချက်ကို နားလည်သဘောပေါက်ရန်အတွက် ခေါ်ယူရှင်းလင်းခြင်းသာဖြစ်ကြောင်းလည်း ပဒိုစောအယ်နာက ဆက်လက်ပြောသည်။

ထို့ကြောင့် ဒေသခံလူထုများအနေဖြင့် ခေါ်ယူတွေ့ဆုံသည့်သူများကို ညှဉ်းပမ်း နှိပ်စက်မှုပြု လုပ်မည်မဟုတ်သလို တာဝန်ရှိသူနှင့် လာရောက်တွေ့ဆုံ ကတိပေးပြီး ကျေးရွာအတွင်း အရပ်သား အဖြစ်နှင့် နေထိုင်သွားရန်သာ လိုအပ်ကြောင်းလည်း ဘိတ်ထားဝယ်ခရိုင်က ပြောဆိုထားသည်။

ဘိတ်ထားဝယ်ခရိုင်/တပ်မဟာ(၄) နယ်မြေတွင် ကေအဲန်ယူလက်အောက်ခံတပ်နှင့် ကော်လာဖိုး (ခ) စောအယ်ခွီး ဦးဆောင်သည့် (KTLA)တပ်ဖွဲ့ကြား နှစ်ဖက်ဖြစ်ပွားသည့် တင်းမာမှုပြဿနာမှာ ယခု အချိန်ထိ ပြေလည်ခြင်းမရှိသေးပေ။ KTLA အနေဖြင့် KNU/KNLA ကို ပြန်လည်ဆန့် ကျင်တိုက်ခိုက်သည့် အဖွဲ့မဟုတ်ကြောင်းကို နိုဝင်ဘာလ ၁၁ရက်နေ့တွင် အဖွဲ့၏ ဗဟိုဌာနချုပ်က သဘောထားထုတ်ပြန်ထားသေးသည်။