Home သတင်း ချောင်းနှစ်ခွတံတားတိုက်ပွဲအတွင်း တပ်မ (၂၂) စစ်ကြောင်းမှ တပ်ဖွဲ့ဝင် ၂၃ ဦး လက်နက်ချ၊ တံတားပြန်သိမ်းနိုင်ရေး စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးလာ

ချောင်းနှစ်ခွတံတားတိုက်ပွဲအတွင်း တပ်မ (၂၂) စစ်ကြောင်းမှ တပ်ဖွဲ့ဝင် ၂၃ ဦး လက်နက်ချ၊ တံတားပြန်သိမ်းနိုင်ရေး စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးလာ

1364
Photo: NUG

နိုဝင်ဘာလ ၁၄ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ယမန်နေ့ နိုဝင်ဘာလ (၁၃) ရက်နေလည်ပိုင်းက မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွ ကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီ တပ်မ (၂၂) လက်အောက်ခံ အင်အား ၅၀ ဦးပါ စစ်ကြောင်းမှ တော်လှန်ရေးပူးပေါင်းတပ်များနှင့်တိုက်ပွဲဖြစ်စဉ်အတွင်း ၁၄ ဦးသေဆုံးပြီး ၂၃ ဦး လက်နက်ချခဲ့ကြောင်း စစ်ရေးနယ်မြေတာဝန်ရှိသူများက ပြောဆိုသည်။

ချောင်းနှစ်ခွကျေးရွာနှင့် ချောင်းနှစ်ခွ‌ဟောင်သရောမြစ်ကူးတံတားအနီး နိုဝင်ဘာ ၁၀ရက်မှ စတင် တိုက်ပွဲဖြစ်ပွားရာတွင် စစ်ကောင်စီတပ်မှ တပ်ရင်းမှူးနှင့် အရာရှိ (၁) ဦးအပါအဝင် (၁၄) ဦး သေဆုံး၊ အရာရှိ (၁) ဦးအပါအဝင် (၅) ဦး အရှင်ဖမ်းမိပြီး နောက်ထပ်အရာရှိ (၁) ဦးအပါအဝင် (၈) ဦး ပျောက်ဆုံး နေဆဲဖြစ်ကြောင်း တိုက်ပွဲအတွင်း ပါဝင်သည့်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့စစ်ကြောင်း တာဝန်ရှိသူက ယခုလို အတည်ပြု ပြောဆိုသည်။

“မနေ့ကတော့ အပြင်းအထန်ပဲ တံတားကို ရအောင်တိုက်တာဆိုတော့ ရဟတ်ယာဉ်က မိုးကြီးချုပ်တဲ့ အထိ မော်လမြိုင်ဘက်ကနေ လာလာပြီးပစ်နေတာ၊ မြေပြင်မှာက စစ်တပ်က မရှိတော့ဘူး။ ကြာအင်း ဆိပ်ကြီးနဲ့ မုဒုံစစ်တပ်တွေကနေ လက်နက်ကြီး တော်တော်ပစ်တဲ့ကြားက ကျနော်တို့ ရအောင် တိုက် တာမှာ စစ်တပ်ကတော်တော်ထိပြီး လက်နက်ချတာပါ ဖြစ်ကုန်တာပေါ့။ အင်အား ၅၀ ပါ စစ်ကြောင်းဖွဲ့ စည်းပုံပျက်ပြီး လက်နက်တွေလည်းရထားတယ်။ အခုသူတို့ကို လုံခြုံတဲ့နေရာမှာ ရောက်ပြီဆို ထုတ်ပြန် ချက်ထုတ်ပါလိမ့်မယ် ”ဟု တော်လှန်ရေး မဟာမိတ်ပူးပေါင်းတပ်စစ်ကြောင်း တာဝန်ရှိသူက ပြောသည်။

ချောင်းနှစ်ခွတံတားဂိတ် သိမ်းပိုက်သည့် တိုက်ပွဲဖြစ်စဉ်တွင် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLA၊ ကရင်အမျိုးသားကွယ်ရေးတပ်ဖွဲ့-KNDO၊ ကော်သူးလေအာမီ -KTLA နှင့် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ -PDF စသည့် တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့များ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု စစ်မြေပြင်သတင်းအရင်းအမြစ်များမှ သိရသည်။

လက်ရှိအချိန်တွင် ချောင်းနှစ်ခွတံတားနှင့် ချောင်းနှစ်ခွ ကျိုက်မရော၊ ကြာအင်းဆိပ်ကြီးလမ်းပိုင်းကို တော်လှန်ရေး ပူးပေါင်းတပ်များ နယ်မြေထိန်းချုပ်ထားပြီး ယနေ့ နိုဝင်ဘာလ ၁၄ ရက်နံနက်တွင် နှစ်ဖက်ပစ်ခတ်မှုမရှိဘဲ ငြိမ်သက်နေသည်ဟု ပေါလောကျေးရွာ ဒေသခံတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

Photo: CJ

၎င်းက “ပစ်တာက မနေ့က လက်နက်ကြီးရွာထဲကျတာတွေ၊ အိမ်တွေပျက်တာ တော်တော်များတယ်။ သံပုရာရွာဘက်လည်း ပျက်တယ်။ အခု ကျိုက်မရော ဖရုံဂူတံတားဘက်ကနေ မော်လမြိုင်ဘက်ကို သွား လာလို့ရနေသေးတယ်။ လမ်းတွေကတော့ ကရင်အဖွဲ့၊ PDF အဖွဲ့တွေပဲ ရှိနေတယ်။ မုဒုံဘက်အခြမ်း စစ်တပ်ကနေ လက်နက်ကြီးက တစ်လုံးကျတစ်လုံးကျ ပစ်နေတုန်းပဲ။ ပေါ်တာခေါ်မှာ ကြောက်တော့ အပြင် မထွက်ရဲဘူး။ တိုက်ပွဲတော့ ဆက်ဖြစ်မလား မသိသေးဘူး ”ဟု ပြောသည်။

တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ သိမ်းပိုက်ထားသော ချောင်းနှစ်ခွတံတားကို ပြန်လည်ရရှိရေးအတွက် လတ်တလောတွင် စစ်ကောင်စီက မွန်ပြည်နယ်အပိုင် မုဒုံဘက်ကနေစစ်ကြောင်းထိုး တိုက်ခိုက်ရန် ပြင်ဆင်နေခြင်းကြောင့် တော်လှန်ရေးမဟာမိတ် ပူးပေါင်းတပ်များနှင့် နှစ်ဖက်တိုက်ပွဲ ဖြစ်ရန် စစ်ဆိုင် ထားသည့်အနေအထားရှိနေကြောင်း စစ်ရေးနယ်မြေ သတင်းအရင်းအမြစ်က ပြာသည် ။

အဆိုပါ တိုက်ပွဲကြောင့် ကျိုက်မရောမြို့နယ် အပိုင်အတွင်းက ကျေးရွာ ၁၀ ရွာခန့်မှ ဒေသခံ ၁,၀၀၀ ကျော် နေရပ်စွန့်ခွာရှောင်တိမ်းနေကြပြီး အချိူ့မှာတောင်ယာခြံစိုက်ခင်းနှင့် ကျေးရွာဘုရားကုန်း၊ ဘုန်း ကြီးကျောင်းဝင်းများဘက်တွင် ရှောင်တိမ်းခိုလှုံနေထိုင်နေကြကြောင်း ကျိုက်မရောမြို့နယ် အရပ်ဖက် လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။