Home သတင်း ကျိုက်ထိုတွင် နာမည်ဆိုးဖြင့် ကျော်ကြားသည့် BGF ဗိုလ်ဝင်းစိုးဆိုသူ ပစ်သတ်ခံရ

ကျိုက်ထိုတွင် နာမည်ဆိုးဖြင့် ကျော်ကြားသည့် BGF ဗိုလ်ဝင်းစိုးဆိုသူ ပစ်သတ်ခံရ

1364
Photo: KRF

သြဂုတ်လ ၂၄ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် နာမည်ဆိုးဖြင့်ကျော်ကြားနေသည့် နယ်ခြားစောင့်တပ်-BGF တပ်ဖွဲ့ဝင် ဗိုလ် ဝင်းစိုးနှင့် ၎င်း၏မယားငယ်တို့မောင်းနှင်လာသည့်ကားကို ယနေ့ သြဂုတ်လ ၂၄ ရက်၊ နံနက် ၇ နာရီခွဲတွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က စောင့်ကြိုတိုက်ခိုက်ခဲ့ပြီး နှစ်ဦးစလုံးသေဆုံးခဲ့ကြောင်း ကျိုက်ထို တော်လှန်ရေး အင်အားစု-KRF က ယနေ့တွင်သတင်း ထုတ်ပြန်ထားသည်။

ဗိုလ်စိုးဝင်းတို့ မောင်းနှင်လာသော အဖြူရောင် Mark II ကားကို ကျိုက်ထိုမြို့နယ် ကော့ထင်ကျေးရွာနှင့် ဘိုရားကြီး ကျေးရွာအကြားရှိ တာဘောင်တံတားအရောက်တွင် ကျိုက်ထိုတော်လှန်ရေးအင်အားစု-KRF နှင့် ဝေါပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပူးပေါင်း၍ ပစ်ခတ်ရှင်းလင်းခဲ့သည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြပါရှိ သည်။

အဆိုပါ ပစ်သတ်ခြင်းခံခဲ့ရသည့် BGF ဗိုလ်ဝင်းစိုးသည် တရားမဝင်ကားမှောင်ခိုလုပ်ကိုင်ခြင်း၊ မြို့နယ်လယ်ယာ မြေစီမံခန့်ခွဲရေးကော်မတီနှင့်ပူးပေါင်းကာ သောင်နုမြေ ဧက ၃၀၀ သိမ်းယူခြင်း၊ ပြည်သူများကို လက်နက်အား ကိုးဖြင့် ဖမ်းဆီးရိုက်နှက်ခြင်း၊ ကျေးရွာများတွင် လျှပ်စစ်မီးဖြတ်တောက်ခြင်းများကို စစ်ကောင်စီတပ်နှင့် ပူးပေါင်း ကာ ပြုလုပ်နေခြင်းတို့ကြောင့် ယခုလို ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်သည်ဟု KRF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

၎င်းက “တိုးဂိတ်တွေမှာလည်း သေနတ်ပြပြီးခြိမ်းခြောက်တာတွေရှိတယ်။ နိုင်ထက်စီးနင်းလုပ်တာတွေရှိတယ် အများကြီးပဲ။ BGF မှာ သူက စီးပွားရေးလုပ်တဲ့သူဆိုတော့လေ ပိုက်ဆံရရင် အကုန်လုပ်တယ်။ စကစနဲ့ပေါင်းပြီး ဖမ်းတယ်။ ရွာက မကျေနပ်တဲ့လူငယ်တွေကို ခေါ်ပြီးပါးရိုက်တာတို့ သေနတ်ပြခြိမ်းခြောက်တာတို့ လုပ်တာ ပေါ့နော်။ အခွင့်အရေးက မပေးသေးတော့ သူ့ကိုစောင့်ကြည့်တဲ့အနေအထားပဲရတာပေါ့။ အခွင့်အရေးပေးတော့ တစ်ခါထဲရှင်းလိုက်တာပေါ့နော်။ ပစ်တာက သူတို့ကားကိုအပိုင်ပစ်တာ”ဟု ကေအိုင်စီသို့ပြောသည်။

ပစ်သတ်ခံခဲ့ရသည့် BGF ဗိုလ်ဝင်းစိုးနှင့်အတူပါလာသည့် သေနတ် ၂ လက်၊ ဖုန်း၊ နယ်ခြားစောင့်တပ်-BGF တပ်ဖွဲ့ ဝင်စိစစ်ရေးကဒ်၊ မှတ်ပုံတင်နှင့် ယာဉ်မောင်းလိုင်စင်တို့ကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း KRF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

ထို့အပြင် ကျိုက်ထိုမြို့နယ်တွင် ပြည်သူများကို ခြိမ်းခြောက်မှုများပြုလုပ်လျက်ရှိသည့် စစ်ကောင်စီတပ်၏ လက်အောက်ခံ သတင်းပေးဒလန်များ၊ ထောက်တိုင်များကိုလည်း တိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်ကြောင်းလည်း KRF ထုတ်ပြန်ချက်တွင် ဆက်လက် သတိပေးထားဖော်ပြထားသည်။

အလားတူ မွန်ပြည်နယ် ရေး၊ သထုံ၊ ဘီးလင်းနှင့် ကျိုက်ထိုစသည့်မြို့များတွင်လည်း စစ်ကောင်စီတပ်၏ ကင်း စခန်း၊ တပ်စခန်းများ မကြာခဏ တိုက်ခိုက်ခံရသလို စစ်ကောင်စီတပ်များကို သတင်းပေးလုပ်ဆောင်နေသည့် ဒလန်များလည်း တော်လှန်ရေးတပ်ဖွဲ့များ၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် မကြာခဏသေဆုံးလေ့ရှိကြောင်း တော်လှန်ရေးအဖွဲ့အစည်းများ၏ ဖော်ပြချက်အရ သိရသည်။