ဩဂုတ်လ ၂၄ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
မြဝတီ-ကော့ကရိတ် အာရှလမ်းသစ် မြေပြိုနေရာအား ပြန်လည်ပြုပြင်ထားသည့် ဘေလီသံဘောင်တံတားအနီး စစ်တပ်နှင့် နယ်ခြားစောင့်တပ်-BGF တပ်များ ငွေ ကြေးကောက်ခံနေသည့်နေရာများအား ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မ တော်-KNLA ပူးပေါင်းတပ်များ လာရောက်ပစ်ခတ်မှုများရှိနေသည့်အတွက် လမ်းလုံခြုံရေးစိတ်မချရသေးကြောင်း ကုန်ကားသမားများက ပြောသည်။
ပြီးခဲ့သည့် ဩဂုတ် ၁၅ ရက်မှ ယခု ဩဂုတ် ၂၂ ရက်အတွင်း အာရှလမ်းသစ် လမ်းပိုင်းတွင်နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု ၅ ကြိမ်ထက်မနည်းရှိခဲ့ပြီး အရပ် သားနှင့် လမ်းပြင်လုပ်သား၊ စက်ယန္တယားမောင်းသူ အပါအဝင် ၅ဦးခန့် ထိခိုက် မှုရှိခဲ့ကြောင်း စစ်ကောင်စီလမ်းတံတားဦးစီးဌာနနှင့် နီးစပ်သည့် သတင်းအရင်း အမြစ်များပြောဆိုချက်အရ သိရသည်။
“အာရှလမ်းက စစ်တပ်နဲ့ BGF က လမ်းဂိတ်တွေဖွင့်ပြီး ငွေကောက်တာက တအားကို ဆိုးရွားနေတယ်။ သူတို့ဂိတ်တွေ အဲ့လိုလုပ်တာ တောဘက်အဖွဲ့တွေ ကလည်း လာလာပစ်တယ်။ အပြန်အလှန်ပြန်ပစ်တော့ အရပ်သားကားတွေကြားက ထိကုန် တာမျိုးဖြစ်တယ်၊ လမ်းက လုံခြုံရေးအခြေအနေ မကောင်းဘူး။ ”ဟု ကုန်ကားသ မားတစ်ဦးက ပြောသည်။
ထို့အပြင် မြေပြိုသည့်နေရာကို မြေသားများပြန်ဖို့ရာတွင်လည်း အချိန်မရွေး ပြန် ပြိုပျက်နိုင်သည်ဟုလည်း ၎င်းကုန်ကားမောင်းသူက ဆက်ပြောသည်။
၎င်းက “အခုလည်း မြေပြိုတဲ့နေရာမှာ လမ်းပြင်နေပေမယ့် မြေသားတွေက သိပ် စိတ်မချရဘူး။ ကားတွေက ကုန်တွေအဆမတန်တင်ပြီး မောင်းနေတာဆိုတော့ အချိန်မရွေး ပြန်ပျက်ပြန်ပြိုနိုင်တယ်။ သူက တန် ၅၀ ကျော်လောက်ပဲရတာ တွဲ ကားတစ်စီးဆိုရင် ကုန်ချိန်က အဲ့ဒီတံတား ခံနိုင်ရည်ထက် ပိုတင်ပြီးသွားကြမှာ ဆိုတော့ ကြာရင်မလွယ်ဘူး ”ဟု ပြောသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၇ ရက် နေ့က အာရှလမ်းသစ်တောနော်ကွေ့အနီးတောင်ပြို မြေပြိုလမ်းပျက်စီးခဲ့သည့် ဖြစ်စဥ်ကြောင့် လမ်းပိုင်းမြေသားများ ပြိုကျခဲ့သည့် အခြေအနေအား စစ်ကောင်စီဆောက်လုပ်ရေးလမ်းတံတားဦးစီးဌာနက ယာယီ သံဘောင်ဘေလီ တံတားထိုးပြီး လမ်းကြောင်းသစ်ဖောက်လုပ်ကာ ကုန်စည် စီးဆင်းမှုပြန်လည်သယ်ဆောင်နိုင်ရန် လုပ်ဆောင်နေကြောင်း စစ်ကောင်စီ ကော့ကရိတ်လမ်းတံတားအဖွဲ့နှင့် နီးစပ်သူများက ပြောသည်။
“တံတားပြိုမြေပြိုတာက ပြုပြင်နေတာ ဖြစ်တဲ့အတွက် ပြီးရင်သွားလာလို့ ပုံမှန် ပြန်ဖြစ်မှာပါ။ ဒါပေမယ့် အဲ့ဒီတောင်ပေါ်လမ်းက စစ်တပ်ဂိတ်တွေ၊ BGF ဂိတ်တွေ ရဲ့ ဆက်ကြေးကောက်နေတာက ကုန်စည်စျေးနှုန်းတွေကို ပိုတင်ရောင်းရတဲ့ အခြေ အနေရောက်ကုန်တယ်။”ဟု မြဝတီမြို့ခံတစ်ဦးက ပြောသည်။
လက်ရှိ မြဝတီမှ ဖားအံမြို့ဘက်သို့ သွားမည်ဆိုလျှင် ကားတစ်စီးကို ငွေနှစ် သောင်းမှ သုံးသောင်းအထိ လမ်းကြေးပေးရသလို ကုန်စည်ကားများအနေဖြင့် သုံးသိန်းမှ ဆယ်သိန်းခန့်အထိ တင်ဆောင်လာသည့် ပစ္စည်းပေါ်မူတည်၍ ဂိတ် ကြေးဆက်ကြေးပေးမှ ဖြတ်သန်းသွားလာသယ်ဆောင်ခွင့်ရသည်ဟု ကုန်စည် လုပ်ငန်းရှင်များ ပြောစကားအရ သိရသည်။



















