ဇွန်လ ၅ ရက်၊ ၂ဝ၂၃ ခုနှစ်၊ ကေအိုင်စီ
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်ပြည်နယ်တွင် အခြေအနေအမျိုးမျိုးကြောင့် မိမိကိုယ်ကို အဆုံးစီရင်မှု ပိုမိုအဖြစ်များလာသည်ဟု ကျန်းမာရေးဆရာဝန်များထံမှ သိရသည်။
ဒေသအတွင်း တိုက်ပွဲဖြစ်ပွားမှုများကြောင့် မိသားစု၊ ဆွေမျိုးအသိုင်းအဝိုင်းများနှင့် အိုးအိမ်များ ထိခိုက် ပျက်စီးဆုံးရှုံးကြရသည့်အတွက် စိတ်ပိုင်းဆိုင်ရာများ ကျဆင်း၍ အရက်၊ မူးယစ်ဆေးဝါး သုံးစွဲမှုများလာခြင်းတို့ကြောင့် မိမိကိုယ်ကိုသေကြောင်းကြံမှုများလာခြင်းဖြစ်သည်ဟု မိမိကိုယ်ကို အဆုံး စီရင်ခဲ့သူ မိသားစုဝင်များထံမှ သိရသည်။
ကရင်ပြည်နယ်ရှိ မြို့နယ် ၇ မြို့နယ်တွင် ကော့ကရိတ်၊ ဖားအံ၊ ကြာအင်းဆိပ်ကြီးမြို့နယ်သည် အခြားမြို့ နယ်များထက် သေကြောင်းကြံမှု အများဆုံးဖြစ်ပွားလျက်ရှိပြီး မြို့နယ်အသီးသီးရှိ ဆေးရုံ၊ ဆေးခန်း များတွင်လည်း စိတ်ကျရောဂါကြောင့် နေ့စဉ် လာရောက်ပြသသူများလာသည်ဟုလည်း အမည်မဖော်လိုသူ ဖားအံမြို့နယ် ကျန်းမာရေးဝန်ထမ်းတစ်ဦးက ကေအိုင်စီသို့ ပြောသည်။
“စိတ်ကျရောဂါကြောင့် ဆေးခန်းတွေမှာ အတော်လာကြတယ်။ အရက်၊ ဆေး၊ အခြားအခြေ နေတွေ လည်း ပါတယ်ပေါ့နော်။ တစ်ယောက်ထဲနေထိုင်သူတွေမှာ အဆုံးစီရင်မှု ပိုဖြစ်ကြတယ်။ နေရာတိုင်း လိုလိုမှာ အဆုံးစီရင်မှု ဖြစ်လာကြတာပါ။ ဒီလိုစိတ်ကျဆင်းမှုဖြစ်လာရင် ဆက်သွယ်နှစ်သိမ့်ပေးနိုင်ဖို့ အွန်လိုင်းစနစ်နဲ့ ဝန်ဆောင်မှုလုပ်ပေးထားတာရှိတယ်။ စိတ်ကျန်းမာရေး ပညာပေးမှု အဖွဲ့တွေလည်း လုပ်လာကြတယ်။ ကျယ်ကျယ်ပြန့်ပြန့်လုပ်နိုင်ဖို့ လိုအပ်သေးတယ်ပေါ့နော်” ဟု ဖားအံမြို့နယ် ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြောသည်။
ကရင်ပြည်နယ်တွင် အရက်၊ မူးယစ်ဆေးသုံးစွဲခြင်း၊ နိုင်ငံရေးအခြေအနေနှင့် စစ်ရေးပဋိပက္ခအခြေအ နေများကြား ရှင်သန်နေကြရသူများတွင် မိမိကိုယ်ကိုအဆုံးစီရင်မှု ပိုမိုဖြစ်ပွားလျက်ရှိပြီး မိမိပတ် ဝန်းကျင်တွင် စိတ်ကျရောဂါဖြစ်ပွားမှု လက္ခဏာမြင်တွေ့ပါကလည်း သက်ဆိုင်ရာ စိတ်ကျန်း မာရေးဝန်ဆောင်မှုပေးသည့် ဌာနများသို့ အမြန်ဆုံး ဆက်သွယ်ရန်နှင့် ၎င်းတို့ကို လစ်လျူရှုမထားခဲ့ကြရန် ကျန်းမာရေးဆရာဝန်များက တိုက်တွန်း ပြောဆိုသည်။
ကြာအင်းဆိပ်ကြီးမြို့နယ် ဝင်းရော်ဒေသရှိ ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးက “ ရွာမှာ ဒီတစ်နှစ်ထဲကို ကြိုးဆွဲချသေတာ ၃ ဦးရှိသွားပြီး။ နယ်မြေမတည်ငြိမ် တိုက်ပွဲတွေခဏခဏဖြစ်တော့ အလုပ် အကိုင်လည်း မရှိတော့ဘူးလေ။ အချို့ဆို အိုးအိမ်စည်းစိမ်တွေ မိသားစုတွေ ဆုံးရှုံး လိုက်ရတာလည်း ရှိတယ်။ နောက်တော့ မူးယစ်ဆေးဘက် ရောက်သွားကြတာလည်းရှိတယ်။ လူမှုဘဝတွေ ချက်ချင်းပြောင်းသွားတော့ မခံနိုင်ကြဘူးလေ။ စိတ်ထင်ရာနဲ့ အဆုံးစီရင်ကြတာများတယ်” ဟု ကေအိုင်စီသို့ပြောသည်။
အဆုံးစီရင်သူအများစုမှာ မြက်သတ်ဆေး၊ အဆိပ်ဆေးရည်သောက်ခြင်း၊ ကြိုးဆွဲချခြင်း၊ သေနတ်ဖြင့် ပစ်ခတ်၍ မိမိကိုယ်ကိုအဆုံးစီရင်လေ့ရှိပြီး အမျိုးသားလူငယ်လူလတ်ပိုင်းအရွယ်တွင် အဖြစ်များသည်ဟု သိရသည်။
ထို့အပြင် နိုင်ငံရေးအခြေအနေကြောင့် လူငယ်များတွင် ၎င်းတို့၏ လူမှုဘဝပြောင်းလဲမှု အခြေအ နေများအပေါ်တွင် ၎င်းတို့တစ်ဦးတည်း အထီးကျန်နေသည်ဟု ထင်မြင်ယူဆချက်များဖြင့် အဆုံးစီရင်မှု များသည်ဟု နီးစပ်မိသားစုဝင်မျးက ပြောသည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ ကရင်ပြည်နယ်၊ မြို့နယ် ၇ မြို့နယ်တွင် မိမိကိုယ်ကိုအဆုံးစီရင်သူ ဦးရေ ၂၀ ကျော်ရှိမည်ဟု ကျန်းမာရေးဝန်ထမ်းများနှင့် လူမှုကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသူများက ခန့်မှန်းပြောဆိုကြသည်။



















