ဇွန်လ ၄ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဖားအံခရိုင်၊ ပိုင်ကျုံမြို့နယ် ကွီးကျယ်ရွာ ဘေးရှိဒေါနတောင် ခြေတွင် တည်ရှိနေသော ကွီးကျယ်ရေတံခွန်အား မိုးရာသီတောင်ကျရေ အကျများပြီး အန္တရာယ်ရှိ နေသောကြောင့် သွားလာခွင့် ပိတ်ပင်ထားသည်ဟု ရေတံခွန်ကော်မတီအဖွဲ့က ထုတ်ပြန်ခဲ့သည်။
ကွီးကျယ် ရေတံခွန် ကော်မတီ ထုတ်ပြန်ချက်တွင် မိုးတွင်းကာလ တောင်ကျရေကျများသောကြောင့် (၃၁.၅.၂၀၂၃)ရက်မှ၍ (၃၁. ၁၁. ၂၀၂၃) အထိ ၆ လအတွင်း ရေတံခွန်တွင် ရေကစားခွင့် ပိတ်ပင်လိုက်ပြီး သတ်မှတ်ရက်အတွင်း လာရောက်ရေကစားပါက ဖြစ်ပေါ်လာသော အန္တရာယ်ကို ရေတံခွန်လုံခြုံရေး ကော်မတီက တာဝန်ယူမည် မဟုတ်ကြောင်းထုတ်ပြန်ခဲ့သည်၊
ရေတံခွန်တာဝန်ရှိသူ တစ်ဦးက” မိုးတွင်းကာလ ပိတ်ထားမှ အဆင်ပြေတာ။ လူငယ်က ပျော်ချင်တာပဲ သိတာ၊ ဘာဖြစ်မယ်ဆိုတာ မသိဘူး။ နောက်ပြီး ဒီရေတံခွန်မှာ လူသေဆုံးတာ မဖြစ်စေချင်ဘူး”ဟု ကေအိုင်စီသို့ ပြောသည်။
ကရင်ပြည်နယ်တွင် သွားလာအပန်းဖြေရန်ကောင်းသော ရေတံခွန်များ၊ စမ်းချောင်းများ တောင် တန်းများစွာ ရှိနေပြီး လူသေဆုံးမှုများစွာရှိနေသောကြောင့် သွားလာခွင့်ပိတ်ပင်ထားသော ရေတံခွန် တောင်များ စွာရှိနေသည်ဟု ၎င်းက ဆက်လက်ပြောသည်၊
“ မိုးရာသီမှာ အခုလို ပိတ်တာကောင်းတယ်။ အဒေါ်တို့ သားသမီးတွေ အဲမှာပဲသွားချင်နေကြတာ ရေးစီး သန်တော့ အန္တရာယ်ဖြစ်နိုင်တယ်။ နောက်ပြီး အဲမှာ လူခဏခဏ သေနေတာ”ဟု ကွီးကျယ်ဒေသခံ တစ်ဦးဖြစ်တဲ့ နော်ဒါမူးက ဆိုသည်။
၎င်းကွီးကျယ်ရေတံခွန်တွင် ပွင့်လင်းရာသီမှာ နှစ်စဉ် လာရောက်ရေကစားသူ ဦးရေများလျက်ရှိပြီး မိုးရာသီတွင် တောင်ကျရေအကျများကာ ရေစီးအားသန်နေသည်ဟု သိရသည်။
အလားတူ ဖားအံခရိုင် ကော်သူးလေ အုပ်ချုပ်နယ်မြေအတွင်းရှိ ရေတံခွန်များဖြစ်သော လေးကြို ကော်ရေတံခွန်၊ ပလေးကြေးတိုရေတံခွန် တို့ကိုလည်း မိုးတွင်းကာလအတွင်း သွားလာခွင့် ပိတ်ပင်ထားသည်ဟု သိရသည်။



















