Home သတင်း (၃၄) နှစ်မြောက် KYO နေ့ကို ဘိတ်-ထားဝယ်ခရိုင်ဌာနချုပ်တွင် မြို့နယ်အားလုံး စုပေါင်းကျင်းပ

(၃၄) နှစ်မြောက် KYO နေ့ကို ဘိတ်-ထားဝယ်ခရိုင်ဌာနချုပ်တွင် မြို့နယ်အားလုံး စုပေါင်းကျင်းပ

905
Photo: KYO

မေလ ၂၃ ရက်နေ့၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ယနေ့ မေလ ၂၃ ရက်နေ့တွင် ကျရောက်သော (၃၄) နှစ်မြောက် ကရင်လူငယ်အစည်းအရုံး-KYOနေ့ကို ခရိုင် အဆင့် KYO လူငယ်များက ဦးဆောင်၍ ကရင်အမျိုးသားအစည်းအရုံး-KNU ဘိတ်-ထားဝယ်ခရိုင်ဌာနချုပ်တွင် မြို့နယ်အားလုံးစုပေါင်း၍ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဘိတ်-ထားဝယ်ခရိုင်အတွင်းရှိ မြို့နယ်(၄)မြို့နယ်ရှိသည့်အနက် မြို့နယ်များအတွင်း နယ်မြေမတည်ငြိမ်မှုများနှင့် လုံခြုံရေးအခြေအနေများကြောင့် မြို့နယ်အလိုက် ကျင်းပပြုလုပ်နိုင်ခြင်းမရှိတော့ဘဲ ယခုလို စုပေါင်း ပြုလုပ် ရခြင်းဖြစ်ပြီး ယနေ့သည် လူငယ်များအတွက် အရေးကြီးသည့်နေ့ဖြစ်သောကြောင့် ကျင်းပရခြင်းဖြစ်သည်ဟု ဘိတ်-ထားဝယ် ခရိုင် KYO အတွင်းရေးမှူး စောအယ်ထီးကော်က ပြောသည်။

၎င်းက “ဒီနေ့ဟာ လူငယ်‌တွေရဲ့ အရေးကြီးဆုံးနေ့ပဲ။ ကျနော်တို့ လူငယ်တွေ နောင်တစ်ချိန်ကျရင် တာဝန်ပြန် ယူရမယ်။ ကိုယ့်ကိုယ်ကို ကရင်လူမျိုးဆိုတာ ကိုယ်တိုင် သိသင့်တယ်။ ပြည်သူတွေရဲ့မျှော်လင့်ချက်က ကျနော်တို့ဆီမှာဆိုတာ သိသင့်တယ်” ဟု‌ ကေအိုင်စီသို့ ပြောသည်၊

ယနေ့ ကျင်းပသော KYOနေ့ကို KNU ဘိတ်-ထားဝယ်ခရိုင် ဥက္ကဋ္ဌ ပဒိုစောဖလိုစိုးဝင်းနှင့် တပ်မဟာ (၄) စစ်‌ရေး ချုပ် ဗိုလ်မှူးစောဖိုးချစ်အပါအဝင် ကရင်လူငယ် ၃၀၀ ကျော် ပါဝင်တက်ရောက်ခဲ့ပြီး တက်ရောက်လာသည့် ခေါင်းဆောင်းများက အမှာစကား အသီးသီးပြောဆိုခဲ့ကြပြီး KYO ဗဟိုက ပေးပို့လာသည့် သဝဏ်လွှာတို့ကို ဖတ်ကြားခဲ့သည်။

ဗိုလ်မှူးစောဖိုးချစ်က “လူငယ်နဲ့ ရှေ့ရေးအမြင် အတွေးအခေါ် ကျနော်တို့ လူငယ်ဖြစ်တာနဲ့ အမြင်ကျယ်ရမယ်။ အမြင်ရှိရမယ်။ ကောင်းတဲ့အမြင်ဖြစ်ရမယ်။ အလုပ်ခွင်မှာ ကောင်းစွာပူးပေါင်း ပါဝင်နိုင်တဲ့လူငယ် ဖြစ်ရမယ်။ ငြိမ်းချမ်းရေးရဖို့အတွက်ကောင်းတဲ့လူငယ် အဖြစ်နဲ့ပူးပေါင်းပါဝင်ပေးရမယ်။ ငါတို့ဘက် ကရင်လူငယ်တွေက ငါတို့နိုင်ငံပြန်ရဖို့အတွက် အနစ်နာခံရမယ်။ လက်နက်ကိုင်ဖို့ဆိုရင်လည်း ပူးပေါင်း ပါဝင်လုပ်ဆောင်ရမယ်” ဟု အခမ်းအနားတွင် အမှာစကားပြောဆိုခဲ့သည်။

အလားတူ ဘိတ်-ထားဝယ်ခရိုင် ဥက္ကဋ္ဌ ပဒိုစောဖလိုစိုးဝင်းကလည်း ကရင့်လူငယ်များအနေဖြင့် တစ်ဦးနှင့်တစ်ဦး ချစ်ခင်လေးစားပြီး ပူးပေါင်းလုပ်ဆောင်ရမည်ဖြစ်သလို အမူအကျင့်ကောင်းများကို ဖန်တီးကာ စံပြဖြစ်ရမည်ဟု‌လည်း အခမ်းအနားတွင် ထည့်သွင်းပြောဆိုသွားသည်။

စစ်အာဏာမသိမ်းခင်ကာလက KYO နေ့အထိမ်းအမှတ်ကို သက်ဆိုင်ရာ မြို့နယ်၊ ခရိုင်များတွင် စည်ကားစွာ ကျင်းပခဲ့သော်လည်း စစ်အာဏာသိမ်းပြီး‌နောက် ဒေသတွင်း တကျော့ပြန် တိုက်ပွဲများကြောင့် လုံခြုံရေးအရ မကျင်းပနိုင်ကြတော့ကြောင့် သိရသည်။

ယခင် KYOကို ကရင်ခေါင်းဆောင် မန်းဘခိုင်၊ မန်းဝင်း‌မောင်နှင့် မန်း‌ကျော်စိန်တို့ ဦး‌ဆောင်ပြီး ၁၉၄၆ ခုနှစ်က ဖွဲစည်းခဲ့သော်လည်း အဖွဲ့အတွင်းအချင်းချင်းအကြား သ‌ဘောထားကွဲလွဲမှုများ ဖြစ်‌ပေါ်ခဲ့သဖြင့် အဖွဲ့၏ လှုပ်ရှားမှု ရပ်တန့်သွားခဲ့ရသည်။ ထို့နောက် KNU ကို အ‌ထောက်အကူပြုရန်နှင့် ကရင်မျိုးဆက်သစ် လူငယ်‌ခေါင်း‌ ဆောင်များကို ‌မွေးထုတ်ရန်ရည်ရွယ်ကာ ၁၉၈၉ ခုနှစ်၊ KNU ဌာနချုပ်‌ဟောင်း မာနယ်ပ‌လောတွင် KYO ကို ဒုတိယ အကြိမ်ထပ်မံ ဖွဲစည်းခဲ့သည်။