Home သတင်း ကော့ကရိတ် မြို့၀င်၊ မြို့ထွက်ရပ်ကွက်အပိုင်း နေထိုင်သူများအား စစ်ကောင်စီ နေရာရွှေ့ပြောင်းခိုင်းနေ

ကော့ကရိတ် မြို့၀င်၊ မြို့ထွက်ရပ်ကွက်အပိုင်း နေထိုင်သူများအား စစ်ကောင်စီ နေရာရွှေ့ပြောင်းခိုင်းနေ

1148
Photo: CJ

ဒီဇင်ဘာလ ၂၉ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

ကော့ကရိတ်မြို့၀င်၊ မြို့ထွက်ရပ်ကွက်အပိုင်းတွင်း နေထိုင်သည့် ဒေသခံပြည်သူများအား ယမန်နေ့ ဒီဇင်ဘာလ ၂၈ ရက်တွင် စစ်ကောင်တပ်နှင့် အုပ်ချုပ်ရေးမှူးများက ရှောင်တခင်၀င်ရောက်စစ်ဆေးမှုလုပ်ဆောင်ကာ နေရာ ရွှေ့ပြောင်းခိုင်းနေကြောင်း သိရသည်။

ကော့ကရိတ် မြို့အနီး၀န်းကျင်တတန်ကူး၊ မြို့တော်ဦး၊ ခနိမ်းမူ ရပ်ကွက်အပိုင်းရှိ ဒေသခံနေအိမ်များအား စစ်ကောင်စီ စစ်ကြောင်းနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ရှောင်တခင်၀င်ရောက် ဧည့်စာရင်း စစ်ခြင်းနှင့် နေအိမ်ရှိ ဒေသခံများ အသုံးပြုသည့် ဖုန်းများအား စစ်ဆေးပြီးနောက် မြို့အစွန်ပိုင်း နေအိမ်များအား နေရာရွှေ့ ပြောင်းနေထိုင်ကြရန် ဖိအားပေး ပြောဆိုမှုများ ပြုလုပ်ကြောင်း ရပ်ကွက်သားများက ပြောသည်။

“မနေ့က ရပ်ကွက်အုပ်ကြီးနဲ့ စစ်တပ်က လာပြောတယ်။ နင်တို့အိမ်တွေ ရွှေ့နေကြတဲ့၊ တိုက်ပွဲဖြစ်ရင် မလွတ် ဘူးဆိုပြီးပြောတယ်၊ နောက်တော့ အိမ်ထောင်စု စာရင်းတွေ စစ်တယ်၊ လူမစုံတော့ ဒီလူတွေ ဘယ်သွား နေလဲ မေးတယ်၊ အိမ်ကကလေးတွေက တောင်ပေါ်တက်(ထိုင်းဘက်) အလုပ်လုပ်နေတယ်လေ၊ အဲဒါကို ကရင် အဖွဲ့တွေဘက် ရောက်နေတာလားမေးတယ်၊ နောက်ပြီးတော့ အိမ်က ဖုန်းတွေ ယူစစ်တယ်၊ အိမ်ပြောင်း နေခိုင်း တာတော့ ကျမတို့ မပြောင်း နေနိုင်ဘူးလေ၊ ပြေးပြောင်းစရာနေရာမှ မရှိတာ၊ ”ဟု မြို့တော်ဦး ရပ်ကွက်အပိုင်းနေ ထိုင်သူ အမျိုးသမီးက ပြောသည်။

စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA ပူးပေါင်း တပ်များတိုက်ပွဲဖြစ်ပွား နေသည်မှာ ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၆ ရက်မှ ယခု ဒီဇင်ဘာလ၂၈ အထိ ၁၂ ရက်တာကြာမြင့်လာချိန်တွင် နှစ်ဖက်တပ်ဖွဲ့များအတွင်း ထိခိုက်သေဆုံး ဒဏ်ရာရရှိ မှုများရှိနေသလို ကျေးရွာများဘက်သို့ စစ်တပ် လက် နက်ကြီး၊ လေကြောင်းတိုက်ခိုက်မှုတို့ကြောင့် အရပ်သားများနှင့် ရဟန်းသံဃာများ ထိခိုက်သေဆုံး ဒဏ်ရာရရှိမှု၊ နေအိမ်များ မီးရှို့ဖျက်ဆီးခံရမှုများရှိခဲ့ကြောင်း မြေပြင်သတင်းအရ သိရသည်။

Photo: CJ

ထို့အပြင် တိုက်ပွဲကြောင့် မြ၀တီ-ကော့ကရိတ် အာရှလမ်းသစ်လည်း သွားလာရေး ပြတ်တောက်နေသည့်အတွက် မြ၀တီ-ထို့ကော်ကိုး-ကျုံဒိုးလမ်းပိုင်းမှ ကုန်စည်နှင့်ဒေသခရီးသွားကားများသွားလာ နေကြရကြောင်း သိရှိရသည်။

လက်ရှိကော့ကရိတ် အခြေအနေနှင့်ပတ်သက်၍ ခနိမ်းမူ ရပ်ကွက်သားတစ်ဦးကလည်း “အခုစစ်တပ်က ရပ်ကွက် သားတွေ၊ ရွာသားတွေကို ကရင်အဖွဲ့တွေ နေနေတဲ့ ရွာတွေသတိထားနေ စစ်ကိုင်းတို့၊ ချင်းပြည်တို့လို မီးရှို့ ပစ်မယ်၊ ကရင်အဖွဲ့တွေ ၊ PDF အဖွဲ့တွေ လက်မခံနဲ့ လက်ခံရင် ထောက်ပံ့ရင် ရွာဖျက်ပစ်မယ် ပြောတာတွေ ရှိတယ်၊ အခုက မြို့ထဲနေလည်း မလုံခြုံဘူး၊ ရွာဘက်ပြောင်းနေလည်း မလုံခြုံတော့ဘူး၊ လက်နက်ကြီးဘယ်အချိန် ကျလာမလဲ၊ လေယာဉ်ဘယ်အချိန် ဗုံးကြီးကျလာမလဲ စိတ်ပူနေရတယ်၊ တိုက်ပွဲမဖြစ်လည်းပစ်ချင်ရာ ရမ်းပစ်နေတာ ”ဟု ပြောပါတယ်။

ကော့ကရိတ်မြို့ ပတ်၀န်းကျင်ကျေးရွာများဘက်သို့ စစ်ကောင်စီ တပ်မ ၄၄ ၊ တပ်မ ၂၂ နှင့် အခြား နယ်ခြား စောင့်တပ်-BGF ပူးပေါင်း တပ်ရင်းတပ်ဖွဲ့ စစ်ကြောင်းများဖြင့် KNLA ပူးပေါင်းတပ်များ စစ်ရေးလှုပ်ရှားရာ နေရာများအား စစ်အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်နေသလို လက်နက်ကြီး ပစ်ခတ်ပစ်ကူ ပေးသည့်နေရာ ၅ နေရာခန့်မှ ပစ်ခတ်ခြင်း၊ လေကြောင်းမှ တိုက်ခိုက်ရေး ရဟတ်ယာဉ်၊ ဂျက်တိုက်လေ ယာဉ်များဖြင့် နေ့ရောညပါ တိုက်ခိုက်နေသည့်အတွက် ဒေသတွင်း ကျေးရွာ ၂၀ ခန့်မှ လူ ၁၀,၀၀၀ ၀န်းကျင် စစ်ဘေး ရှောင်နေထိုင်ကြရကြောင်း စစ်ရှောင်ကူညီသူများက ပြောသည်။