Home သတင်း မီးပြတ်တောက်မှုကြာမြင့်လာခြင်းကြောင့် လျှပ်စစ်မီးဖြင့်လုပ်ကိုင်နေသည့် မြဝတီဒေသခံပြည်သူများ အခက်တွေ့

မီးပြတ်တောက်မှုကြာမြင့်လာခြင်းကြောင့် လျှပ်စစ်မီးဖြင့်လုပ်ကိုင်နေသည့် မြဝတီဒေသခံပြည်သူများ အခက်တွေ့

672
Photo: Mar Ru Kae Shi

ဒီဇင်ဘာလ ၂၈ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ နယ်စပ်မြို့တစ်မြို့ဖြစ်သည့် မြဝတီမြို့တွင် လျှပ်စစ်မီး ပြတ်တောက်မှု ကြာမြင့်လာသောကြောင့် လျှပ်စစ်မီးအသုံးပြု၍ အလုပ်လုပ်ကိုင်ရသည့် ဒေသခံပြည်သူများအနေဖြင့် ခက်ခဲမှုများရှိနေကြောင်း သိရှိရသည်။

မြဝတီမြို့ သင်္ဃန်းညီနောင်ရှိ ပင်မထရန်စဖော်မာကို ဒီဇင်ဘာလ ၁၅ ရက်ညတွင် တိုက်ခိုက်ခံခဲ့ရပြီးနောက် မြဝတီမြို့တွင် ဒီဇင်ဘာလ ၁၆ ရက်မှစ၍ ယနေ့ ဒီဇင်ဘာလ ၂၈ရက်နေ့အထိ လျှပ်စစ်ဓာတ်အားပြတ်တောက်နေဆဲဖြစ်သည်။

ယခုလို မီးပြတ်တောက်မှု ကြာမြင့်လာခြင်းကြောင့် လျှပ်စစ်မီးဖြင့်အသုံးပြုလုပ်ရသည့် ဝရိန်၊ အွန်လိုင်းစျေးရောင်း၊ ရုပ်ရှင်ရုံစသည့် လုပ်ငန်းများလည်ပတ်နိုင်မှုမရှိတော့သည့်အတွက် ၎င်းအလုပ်များလုပ်ကိုင်ကြသည့် ပြည်သူများ အနေဖြင့် လုပ်ငန်းနှောက်နှေးကြန့်ကြာမှုများရှိလာသည်ဟု ဝရိန်လုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ယခုလို ပြောသည်။

“ ဓာတ်ဆီနဲ့မီးစက်နှိုးပြီးဆိုင်ဖွင့်ရတာဆိုတော့ လုပ်ငန်းလည်းကြာတယ်။ လျှပ်စစ်မီးက အကုန်လုံးလိုတယ်လေနော်။ လျှစ်စစ်မီးနဲ့ပဲ အစအဆုံးလုပ်ငန်းတွေလည်ပတ်နေရတော့ မီးပြတ်ရင် မီးစက်နဲ့ပဲ ပြန်သုံးရတယ်။ မီးစက်ကလည်း တစ်ချိန်လုံးမောင်းနေရတော့ ဓာတ်ဆီကလည်းစျေးကြီးတယ်။ မီးမလာတော့ ကျနော်တို့ဝရိန် လုပ်ငန်း တစ်ခုထဲမဟုတ်ဘူး။ အွန်လိုင်းစျေးရောင်တို့၊ ရုပ်ရှင်ရုံတို့လည်း မလည်ပတ်နိုင်ဘူးလေ။ မလည်ပတ်နိုင်တော့ အလုပ်မရှိဘူး။”ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

လက်ရှိတွင် မြဝတီမြို့အပြင် အနီးအနားရှိ မြို့နယ်ဖြစ်သည့် ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ ကျုံဒိုးမြို့နယ်တွင်လည်း အလားတူ လျှပ်စစ်မီးပြတ်တောက်မှု ရင်ဆိုင်ကြုံတွေ့နေရသည်ဟု ဒေသခံများက ပြောသည်။

ကော့ကရိတ်ဒေသခံတစ်ဦးက “ ဒီကော့ကရိတ်မှာဆိုရင် အခုတိုက်ပွဲတွေ လက်ကုန်ဖြစ်နေတယ်။ ကော့က ရိတ်မှာလည်း မီးပြတ်နေတယ်။ မီးလုံးဝမလာဘူး။ ကြာအင်းဆိပ်ကြီးဘက်က အသိကိုလည်း မေးကြည့်တော့ မီးပြတ်တယ်လို့ပြောတယ်။ ဖားအံမှာကကျတော့ လာလိုက်ပြတ်လိုက်ပဲဖြစ်နေတယ်”ဟု ဆိုသည်။

မြဝတီမြို့တွင် လျှပ်စစ်မီးပြတ်တောက်မှုအချိန်ကြာမြင့်လာ၍ ထမင်းဟင်းချက်ပြုတ်ရန် မီးသွေးကိုသာ အဓိကထား ချက်ပြုတ်နေရသည့်အတွက် လက်ရှိတွင် မီးသွေးစျေးနှုန်းလည်း မြှင့်တက်လာသလို မီးမလာသဖြင့် သောက်သုံးရေရရှိကရေးကိုပါ အခက်အခဲကြုံတွေ့နေရသည်ဟု မြို့ခံများက ပြောသည်။