Home သတင်း နဘူးနယ်တွင် ကရင့်ရိုးရာကောက်သစ်စားပွဲ ပြန်လည်ဖော်ထုတ်ခြင်း ပြုလုပ်

နဘူးနယ်တွင် ကရင့်ရိုးရာကောက်သစ်စားပွဲ ပြန်လည်ဖော်ထုတ်ခြင်း ပြုလုပ်

1378

ဒီဇင်ဘာ ၂၈ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ ဖားအံခရိုင်၊ နဘူးမြိုနယ်၊ သာယာ ကုန်းကျေးရွာတွင် ဒေသခံလူထုများဦး‌ဆောင်၍ ကရင့်ရိုးရာကောက်သစ်စားပွဲ ဖော်ထုတ်ခြင်းပွဲတော်ကို ယမန်နေ့ ဒီဇင်ဘာလ ၂၇ ရက်တွင် ကျေးရွာများစု ပေါင်းပြီး ပြုလုပ်ကြသည်။

ရိုးရာ ကောက်သစ်စားခြင်းကို ပြန်လည်ဖော်ထုတ်ခြင်းဖြင့် ကောက်ပဲသီးနှံများ အထွက်တိုးစေကြောင်း ယုံကြည်မှုအပြင် ကရင့်ရိုးရာယဉ်ကျေးမှုကို ဆက်လက် ထိန်းသိမ်းမြှင့်တင်စေရန်ရည်ရွယ်ချက်ဖြင့် ဖော်ထုတ်ပြုလုပ်ရခြင်းဖြစ်ကြောင်း အစီအစဉ်ကို ဦးဆောင်ပြုလုပ်သူ စောဒီးကာအုက ယခုလိုပြောသည်။

“ကျနော်တို ကောက်သစ်စားပွဲပြုလုပ်ရတာက အရင်ကျနော်တို ဘိုးဘွားတွေ မှာကြားခဲ့ဖူးသလို သစ်ကိုသုံးရင် သစ်ပင်ကိုလည်း ထိန်းသိမ်းရမယ်၊ ရေကို‌သောက် သုံးရင်လည်း ရေကို ထိန်းသိမ်းရမယ်။ ရွာမှာ နေရင်လည်းရွာကို ထိန်းသိမ်းစောင့် ရှောက်ရမယ်။ အဲ့လိုပဲ ကိုယ့်ရိုးရာကိုလည်း ထိန်းသိမ်းရသလို စပါးကို စားရင် စပါးကိုလည်း ပြန်လည်ထိန်းသိမ်းရမယ်။ ဒါမှ အနာဂတ်မှာ အဆင်ပြေပြေ ပြန်လည် စိုက်ပျိုး စားသောက်နိုင်မှာဖြစ်တယ် ”ဟု ကေအိုင်စီသို့ ပြောသည်။

ထိုအပြင် ယခုလိုကောက်သစ်စားပွဲပြုလုပ်ခြင်းဖြင့် စပါးစောင့်နတ်ကို ပူဇော်ခြင်းဖြစ်သလို စပါးတို့၏လိပ်ပြာကို ပြန်လည် ခေါ်ယူခြင်းဖြင့် စပါး အဖျက်ပိုးများ ဖယ်ရှားပေးစေပြီး စပါးပင်များ ရောဂါကင်းကာ အထွက်တိုးစေကြောင်း ရှေးဘိုးဘွားများမှ ယုံကြည်မှု ရှိခဲ့ကြကြောင်းလည်း စောဒီးကာအုက ဆက်ပြောသည်။

ယမန်နေ့ပြုလုပ်သော ရိုးရာကောက်သစ်စားပွဲ၌ ညနေ နေ၀င်ခါနီးအချိန်တွင် စပါးလိပ်ပြာကို ယာခင်းထဲမှ သွားရောက်စုပေါင်းခေါ်ယူကြပြီး အစီအရင်ပြု ထားသော စပါးကျီဆောင်တွင်ပြန်လည် စုပေါင်း သရုပ်ပြကြသလို ကျေးရွာ၏ သက်ကြီးရွယ်အို အဖိုးအိုမှ စပါးအပြင် လူထုများကိုပါ လိပ်ပြာ ခေါ်ယူမှုပြု လုပ်ခဲ့သည်။

ထို့နောက် ကျေးရွာပေါင်းစုံမှ ဒေသခံများ လာရောက်၍ ကောက်သစ် စားခြင်းအစီ အစဉ်တွင် ပါ၀င်၍ စုပေါင်း စားသောက်ကြသလို ရိုးရာ သရုပ်ဖော် သီဆိုဖျော်‌ဖြေမှုများလည်း ပြုလုပ်ခဲ့ကြသည်။

ရိုးရာပွဲကို တက်ရောက်ခဲ့သူ KNU ဖားအံခရိုင် စည်းရုံးရေးဌာနမှူး ပဒိုနော်ရှီးဝါးက “လူမျိုးတစ်မျိုးရယ်လို့ဖြစ်လာရင် လူမျိုးတစ်မျိုးဆက်ပြီး ရှင်သန်နိုင်ဖို့က လူမျိုးရဲ့ သမိုင်းနဲ့ ရိုးရာယဉ်ကျေးမှု ထိန်းသိမ်းခြင်းက အရေးကြီးဆုံးအရာတွေဖြစ်တယ်။ ဒါတွေပျောက်ဆုံးသွားရင် လူမျိုးလည်း ပျောက်သွားနိုင်တယ်။ ဒါကြောင့် ဒီလို အစီအစဉ်မျိုးဟာ ကျမအတွက်သာမကဘူး။ ကျမတို့လို လူငယ်တွေအားလုံး တိုင်း အတွက် အရေးကြီးတယ် ”ဟု ပြောသည်။

ကရင့်ရိုးရာကောက်သစ်စားခြင်းကို ဒေသအလိုက် ကွဲပြား၍ နှစ်စဉ် ကျရောက်သည့် ကရင်အမျိုးသားနှစ်သစ်ကူးနေ့တွင် တပါတည်း ပြုလုပ်ကြသူရှိသလို ကျေးရွာများ၊ ဘာသာရေးယုံကြည်မှု အစုအဖွဲများက သီးသန့် စုပေါင်းပြုလုပ်ကြသည့် အစဉ်အလာလည်းရှိကြသည်။

သာယာကုန်းကျေးရွာတွင် ရိုးရာကောက်သစ်စားခြင်းပွဲတော်ကို ပြီးခဲ့သည့်နှစ်မှ စ၍ ပထမဦးဆုံအကြိမ်စတင်ဖော်ထုတ်ပြုလုပ်ကြခြင်းဖြစ်ကြောင်း သိရသည်။