Home သတင်း ကော့ကရိတ်တောင်ပိုင်းဒေသခံများ မြောက်ပိုင်းဘက် နေရာရွှေ့ပြောင်း စစ်ဘေးရှောင် နေထိုင်နေကြရ

ကော့ကရိတ်တောင်ပိုင်းဒေသခံများ မြောက်ပိုင်းဘက် နေရာရွှေ့ပြောင်း စစ်ဘေးရှောင် နေထိုင်နေကြရ

1087
Photo: CJ

ဒီဇင်ဘာလ ၂၈ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

လတ်တလော တိုက်ပွဲ ပြင်းထန်နေသည့် ကော့ကရိတ်မြို့ တောင်ပိုင်းကျေးရွာမှ ဒေသခံများသည် မြောက်ပိုင်းကျေးရွာများဘက် နေရာရွှေ့ပြောင်း စစ်ဘေးရှောင် နေထိုင် နေကြရသည်ဟု သိရသည်။

စစ်ကောင်စီထိုးစစ်ဆင်တိုက်ခိုက်နေသည့် ကော့ကရိတ်တောင်ပိုင်းကျေးရွာ ဒေသခံများ နေရပ်စွန့်ခွာ ထွက်ပြေးစစ်ရှောင်နေကြရသည့် ဒေသကျေးရွာများဘက်သို့ လေကြောင်း တိုက်ခိုက်မှု၊ လက်နက်ကြီး၊ အမြှောက်များဖြင့် ပစ်ခတ်တိုက်ခိုက်မှု ပိုမိုလုပ်ဆောင် လာနေသည့်အတွက် ကော့ကရိတ်မြောက်ပိုင်းကျေးရွာများဘက်သို့ စစ်ဘေးရှောင် ရွှေ့ပြောင်းနေထိုင် စစ်ရှောင်နေကြရခြင်းဖြစ်ကြောင်း စစ်ရှောင်တစ်ဦးက ပြောသည်။

“လေယာဉ်ကလည်း ဗုံးကြီးကြဲတော့ ညဘက်ရော၊ နေ့ဘက်ရော အိပ်မရဲတာ ရက်ကြာ လာပြီ၊ လမ်းပန်းဆက်သွယ်ရေးလည်းပြတ်တောက်ကုန်ပြီဆိုတော့ ရိက္ခာပြတ်ကုန်ပြီ၊ အခုတတန်ကူး၊ ကော့နွဲ၊ ရွာသစ်ကုန်း၊ တောင်ကြား၊ ရွာတွေအပြင် ၊ အာရှလမ်း မြောက်ဘက်အခြမ်း ကောင်းမှု၊ လှိုင်စိမ်း၊ စော်ဟဲ၊ ကြောင်လျှာကုန်း၊ ရန်ကုတ် ရွာသား တွေပါ မိသားစုတွေ စုပြီး၊ ထီဖိုးစံ၊ နောင်တပွဲ၊ နဘူးတို့ ပတတို့ဘက်အထိ စစ်ရှောင်နေ ကြရတယ်”ဟု အဆိုပါ စစ်ဘေးရှောင်က ပြောသည်။

ကော့ကရိတ်ဒေသအတွင်း စစ်ကောင်စီနယ်မြေရှင်းလင်းရေး ထိုးစစ်ဆင်တိုက်ခိုက်နေမှု ကြောင့် ကရင်အမျိုးသာားလွတ်မြောက်ရေးတပ်မတော် -KNLA ပူးပေါင်းတပ်များနှင့် တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေမှုမှာ ကော့ကရိတ် -ကျုံဒိုးလမ်းပိုင်းဒေသ ကျေးရွာများဘက်အထိ ပျံ့နှံ့လာနေသည့်အတွက် ဒေသခံ စစ်ဘေး ရှောင်နေရသူများမှာလည်း တစ်စုတစ်စည်းတည်းမရှိတော့သည့် အခြေအနေတွင် ရိက္ခာထောက်ပံ့ရန် အခက်အခဲရှိနေကြောင်း စစ်ဘေးရှောင်ကူညီသူများက ပြောသည်။

Photo: CJ

စစ်ရှောင်ကူညီသူတစ်ဦးက “တိုက်ပွဲတွေက ၉ တိုင်ဘက်တို့ ၇ တိုင်ဘက်တို့၊ ကော့ဝါလဲ ရွာဘက်တို့အထိ ဖြစ်နေပြီ။ အဲ့ဘက်က ၅၄၆ တပ်တို့၊ ၅၄၅ တပ်တို့ ၊ ကော့ကရိတ် ၉၇ တပ်တို့က လက်နက်ကြီးတွေ ပစ်ထုတ်တပ်ထဲကနေ သေနတ်တွေ ရမ်းပစ်တာတွေ ရှိနေ တော့ ရွာသားမနေရဲကြတော့ဘူး။ စစ်ရှောင်စာရင်းတွေ မစုနိုင်တော့ဘူး။ ကျေးရွာ လူဦးရေစာရင်းရှိပေမယ့် ရိက္ခာထောက်ပံ့ဖို့က သူတို့ရှောင်တဲ့နေရာမသိတော့ လူစုဖို့ ရိက္ခာဝေဖို့တော့ တော်တော်ဆက်သွယ်ရမယ့်သဘောတော့ရှိတယ်၊ ”ဟု ပြောသည်။

အဆိုပါ စစ်ကောင်စီ စစ်ဆင်ရေးအရှိန်မြှင့် တိုက်ခိုက်လာမှုကြောင့် ယခင်စစ်အာဏာ သိမ်းပြီးသည့် တစ်နှစ်ကျော်ကာလ KNLA ပူးပေါင်းတပ်များနှင့် တိုက်ပွဲများ ဖြစ်ပွားနေစဉ် ကတည်းက တောင်ပိုင်းကျေးရွာ ၁၀ ရွာခန့်မှ စစ်ဘေးရှောင်နေရသူ ၅,၀၀၀ ထောင်ကျော် ရှိနေကြောင်း စာရင်းအချက်အလက်များအရ သိရသည်။

၂၀၂၂ ယခုနှစ် နို၀င်ဘာလနှင့် ဒီဇင်ဘာလအတွင်း စစ်ကောင်စီတပ်က လက်နက်ကြီး နေ့ရော၊ ညပါ ပစ်ခတ်နေမှုကြောင့် စစ်ဘေးရှောင်ကျေးရွာများ ပိုမိုများပြားလာနေပြီး စစ်ဘေးရှောင် ဒေသခံ လူဦးရေလည်း ၁,၀၀၀၀ ၀န်းကျင်အထိ မြင့်တက်လာနေ ကြောင်း စစ်ရှောင်ကူညီသူများက ပြောသည်။

ထိုသို့ စစ်ဘေးရှောင် နေရသူများ တိုက်ပွဲလွတ်ရာ ဒေသကျေးရွာနေရာ အနှံ့အပြားသို့ ရွှေ့ပြောင်း စစ်ရှောင်နေရသည့် ဒေသခံ၊ သက်ကြီးဘိုးဘွား၊ ကိုယ်၀န်ဆောင်မိခင်၊ ကလေးငယ်များနှင့် မသန်စွမ်းသူများအတွက် စားသောက်စရာ နေရာထိုင်ခင်းနှင့် ကျန်း မာရေးစောင့်ရှောက်မှု အကူအညီများအရေးပေါ် လိုအပ်နေကြောင်း စစ်ဘေးရှောင် အကူ အညီပေးရေး လုပ်ဆောင်နေသူများ ပြောစကားအရ သိရသည်။