Home သတင်း စစ်ကောင်စီ နယ်မြေရှင်းလင်းရေး တစ်နှစ်ပြည့်အချိန်ထိ လေးကေကော် စစ်ဘေးရှောင်များ နေရပ်ရင်း မပြန်နိုင်သေး

စစ်ကောင်စီ နယ်မြေရှင်းလင်းရေး တစ်နှစ်ပြည့်အချိန်ထိ လေးကေကော် စစ်ဘေးရှောင်များ နေရပ်ရင်း မပြန်နိုင်သေး

1656

ဒီဇင်ဘာ ၁၅ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ

မြ၀တီမြို့တောင်ဘက်ပိုင်းရှိ ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ(၆)နယ်မြေအတွင်း လေးကေကော် မြို့သစ်ဘက်မှ ဝေါ်လေဒေသအထိ စစ်ကောင်စီဘက်မှ နယ်မြေရှင်းလင်းရေးထိုးစစ်ဆင်ခြင်း တစ်နှစ်ပြည့်လာ သည်အထိ စစ်ဘေးရှောင်နေကြရသည့် ဒေသခံများ မိမိနေရပ်ရင်း မပြန်နိုင်ကြသေးဘဲ ခက်ခက်ခဲခဲ ရှင်သန်ရပ် တည်နေကြရသေးကြောင်း စစ်ဘေးရှောင်ပြည်သူများက ပြောသည်။

“အခု လေးကေကော်ကနေ ပြေးရှောင်ပြီး သောင်ရင်းမြစ်ဘေးရှောင်နေရတာ တစ်နှစ်ရှိပြီး။ အခုစစ်တပ်ဘက်က ရွာလူကြီးတွေနဲ့ ညှိနှိုင်းပြီး လေးကေကော်ကို ပြန်နေလို့ရဖို့ လုပ်နေတယ်တော့ ကြားတယ်။ တိုက်ပွဲတွေ လချီပြီး ဖြစ်ထားတဲ့နေရာကို မိုင်းတွေရှင်း၊ ခြုံတွေရှင်း၊ လမ်းတွေရှင်းပြီး တိုက်ပွဲမဖြစ်တော့ဘူးဆိုတဲ့ အာမခံချက်မျိုး ရှိ မယ့်အခြေအနေကျမှ ပြန်နေမယ်တော့ တွေးထားတယ်။” ဟု လေးကေကော် ရပ်ကွက်တစ်ခုမှ စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

လက်ရှိတွင် လေးကေကော်ဒေသတွင် တိုက်ပွဲများမရှိတော့သောကြောင့် ဒေသတွင်းအပစ်ရပ် ဒီမိုကရေစီ အကျိုးပြုကရင်တပ်မတော်-DKBA၊ စစ်ကောင်စီ တပ်ပိုင်းဆိုင်ရာတာ၀န်ရှိသူများမှ လေးကေကော် မြို့သစ် အုပ်ချုပ်ရေးအဖွဲ့ လူကြီးများနှင့် ညှိနှိုင်းကာ စစ်ဘေးရှောင်များ ပြန်လည်၀င်ရောက်နေထိုင်နိုင်ရန် စီစဉ်ပေးနေသည်ဟု မြေပြင်သတင်းအရ သိရသည်။

ထိုသို့ စီစဉ်ရာတွင် လေးကေကော်မြို့သစ်အတွင်း လိုအပ်သည့် မိုင်းရှင်းလင်း နှင့် ခြုံနွယ်အမှိုက်ရှင်း လင်းရေး များကို လုပ်ဆောင်နေကြကြောင်း သိရသော်လည်း စစ်ဘေးရှောင်များအနေဖြင့် စိတ်မချရသည့် အခြေအနေ တွင်သာ ရှိနေသေးသောကြောင့် နေရပ်မပြန်လိုကြသေးကြောင်း စစ်ရှောင်တစ်ဦးကလည်း ယခုလို ပြောသည်။

“အခုက တခြားရွာတွေ ထီးမယ်ဝါးခီး ပဟိကလော်၊ သေ့ဘောဘိုး၊ ဘလယ်ဒိုရွာတွေ နေရပ်ပြန်နေတယ်ဆိုပြီး စစ်တပ်ဘက်က သတင်းတွေလွှင့်နေပေမယ့် တကယ်က သူတို့လာခေါ်ပြီး ဓါတ်ပုံရိုက်တာ မျိုးလောက်ပါပဲ။ လိုက်သွားတဲ့ သူတွေကလည်း ကိုယ့်အိမ်ကိုယ့်ယာဘာတွေ ပျက်ကုန်ပျောက်ကုန်ပြီးလဲ ပြန်လိုက်ကြည့်တဲ့ သဘောပါပဲ။ တကယ် ပြန်နေတဲ့သူက နည်းနည်းပဲ ရှိသေးတယ်။ တချို့က နေ့ဘက်အိမ်မှာခြံမှာပြန်နေပြီး ညဆို ဒီစစ်ရှောင်နေရာမှာပဲ လာပြန်အိပ်ကြတယ်။” ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် လအတွင်း သေ့ဘောဘိုးကို ဝင်ရောက်ထိန်းချုပ်နိုင်ပြီးဖြစ်၍ ဒေသခံစစ်ဘေးရှောင်များအနေဖြင့် မိမိနေရပ်သို့ ပြန်လည်ဝင်ရောက်နေထိုင်နိုင်ပြီးဖြစ်ကြောင်း စစ်ကောင်စီဘက်မှ စစ်ဘေးရှောင်များကို လိုက်လံအသိပေးဆော်ဩပေးခဲ့သလို ၎င်းတို့ထိန်းချုပ်ထားသည့် သတင်းမီဒီယာများတွင်လည်း သတင်းများ ထုတ်ပြန်ခဲ့သည်။

ထိုသို့ လိုက်လံအသိပေးဆော်ဩမှုတွင် နေအိမ်ပြန်လည် ဝင်ရောက်နေထိုင်ခဲ့သည့် ဒေသခံစစ်ရှောင်အချို့ရှိခဲ့ပြီး မပြန်လာရဲသေးဘဲ အခြေအနေ စောင့်ကြည့်နေသူများလည်း ရှိသေးကြောင်း သိရသည်။

နေရပ်မပြန်ရဲကြသေးသော လေးကေကော်မြို့သစ်မှ စစ်ဘေးရှောင်နေရသူ ကလေးလူကြီး အပါအဝင် စစ်ဘေး ရှောင် နှစ်ထောင်၀န်းကျင်ခန့် အဓိက စုဖွဲ့နေထိုင်ရာ ပလော့တပို့(အမိုးပြာ) စစ်ရှောင်စခန်းတွင် အုပ်ချုပ်ရေးပိုင်း အကြီးအကဲများမှ စစ်ဘေးရှောင် မိသားစုများအတွက် ပညာရေး၊ ကျန်းမာရေးနှင့် အသက်မွေး၀မ်း ကြောင်း အတတ်ပညာ၊ စိုက်ပျိုးရေး၊ မွေးမြူရေး တစ်ပိုင်တစ်နိုင်လုပ်ငန်များ ထူထောင်အကူအညီပေးနေကြောင်းလည်း စစ်ဘေးရှောင်များက ဆိုသည်။

အာဏာသိမ်း စစ်ကောင်စီက ပြီးခဲ့သည့် ၂၀၂၁ခုနှစ် ဒီဇင်ဘာ ၁၅ ရက်နေ့တွင် လေးကေကော်မြို့သစ် နေရာအား နယ်မြေရှင်းလင်းရေး စစ်ကြောင်းများ ဝင်ရောက်လာပြီး စစ်ဆေးဖမ်းဆီးမှုများ ပြုလုပ်ရာမှ နယ်မြေခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA ပူးပေါင်းတပ်ဖွဲ့ များနှင့် တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

လက်ရှိ တစ်နှစ်ပြည့်ကာလအထိ လေးကေကော်-သေ့ဘောဘိုး-ဝေါလေ လမ်းပိုင်း တစ်လျှောက်ကို စစ်ကောင်စီဘက်မှ အပြည့်အဝ ထိန်းချုပ် စိုးမိုးနိုင်ခြင်းမရှိသေးဘဲ နှစ်ဘက်စစ်ရေးတင်းမာမှုများလည်း ဆက်လက်ရှိနေသေးကြောင်း နယ်မြေခံစစ်ရေး တာဝန်ရှိသူများက ပြောသည်။

လက်ရှိ ကာလအထိ လေးကေကော်မှ ဝေါလေဒေသဘက်အထိ စစ်ရှောင်အစုအဖွဲ့ ၆ နေရာခန့်တွင် စစ်ရှောင် လူဦးရေ (၇,၀၀၀) ခန့် စစ်ဘေးရှောင်နေကြရဆဲဖြစ်ကြောင်းနှင့် စားသောက်ရေး၊ ကျန်းမာရေး စောင့်ရှောက်မှု များအတွက်လည်း တပိုင်တနိုင်လှူဒါန်းမှု များကိုသာ မှီခိုနေရကြောင်း စစ်ရေးနယ်မြေသတင်းအရင်း အမြစ်များက ဆိုသည်။