Home သတင်း ဘိန်းစာရွက်ပင် ရောင်းဝယ်စိုက်ပျိုးပါက ကော်သူးလေရာဇဝတ်ဥပဒေအရ အရေးယူမည်ဟု KNU ထုတ်ပြန်

ဘိန်းစာရွက်ပင် ရောင်းဝယ်စိုက်ပျိုးပါက ကော်သူးလေရာဇဝတ်ဥပဒေအရ အရေးယူမည်ဟု KNU ထုတ်ပြန်

1900

ဒီဇင်ဘာလ ၁၅ ရက်၊ ၂ဝ၂၂ ခုနှစ်၊ ကေအိုင်စီ

KNU-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်အတွင်းရှိ မြို့နယ်အသီးသီးတွင် ဘိန်းစာရွက်ပင်များအား ရောင်းဝယ်စိုက်ပျိုးမှုလုပ်ဆောင်ပါက KNU ၏ ကော်သူးလေရာဇဝတ်ဥပဒေအရ အရေးယူ သွားမည်ဟု ဒီဇင်ဘာ ၇ ရက်နေ့က ခရိုင်အမြဲတမ်းကော်မတီအဖွဲ့၏ ထုတ်ပြန်ထားသည့် ဒေသန္တရစည်းကမ်းအရ သိရသည်။

ဘိန်းစာရွက်သည် မူးယစ်ထုံထိုင်း ဘေးဖြစ်စေတတ်သည့်အတွက် မူယစ်ဆေးဝါးအဖြစ်သတ်မှတ်ကာ ရောင်းဝယ်စိုက်ပျိုးခြင်းနှင့် ဆေးဝါးထုတ်လုပ်ပြင်ဆင်ခြင်းပြုလုပ်ပါက ကော်သူးလေ ရာဇဝတ် ဥပဒေ ပုဒ်မ ၁၈ဝ၊ ၁၈၁၊ ၁၈၂၊ ၁၈၃ နှင့် ၁၈၄ တို့ဖြင့် အရေးယူဆောင်ရွက်နိုင်သည်ဟု KNU၏ ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

ဒူးပလာယာခရိုင် အတွင်းရေးမှူးပဒိုစောလစ္စတန်က “ လူကြီးတွေ လူငယ်တွေအပြင် အမျိုးသမီးတွေပါ ဘိန်းစာရွက်သုံးစွဲမှု အလွန်အကျွံဖြစ်လာတော့ ရှေ့အနာဂတ်အတွက် ထိခိုက်တယ်။ စစ်တပ်အာ ဏာသိမ်းတဲ့ကာလမှာ လူငယ်တွေဟာ ဘိန်းစာရွက်ဘက်ကို ရောက်သွားတာလည်းရှိတယ်။ ဒီလိုပျက်စီး မှုများလာတော့ လူထုတွေရဲ့တင်ပြလာတဲ့အပေါ်မှာ ဒေသန္တရစည်းကမ်းထုတ်ပြန်ရခြင်းဖြစ်ပါတယ်” ဟု ဒီဇင်ဘာ ၁၃ ရက်နေ့တွင် ကေအိုင်စီ သို့ပြောသည်။

ဒေသအတွင်း အလေ့ကျပေါက်ရောက်လေ့ရှိသည့် ထိန်ပင်ကိုင်းများပေါ်တွင် ဘိန်းစာရွက်ပင်အား ကိုင်း ကူး စိုက်ပျိုးခြင်းနှင့် မွေးမြူစိုက်ပျိုးခြင်းများ ပြုလုပ်ကြပြီး ဘိန်းစာရွက် ၁ ကီလိုလျှင် ထိုင်းဘတ်ငွေ ၁ဝဝ အထိ စျေးနှုန်းရှိကာ ပြည်တွင်းစျေးကွက်တွင် ဘိန်းစာရွက်အိတ်သေးတစ်အိတ်လျှင် ကျပ် ၃ သောင်းကျော်အထိ စျေးနှုန်းရှိသည်ဟု ကျေးရွာဒေသခံများထံမှ သိရသည်။

“ ပြုတ်ထားတဲ့အရွက်ရည်ကို ကိုကာကိုလာအချိုရည်နဲ့ ရောသောက်ကြတယ်။ အလုပ်ကြမ်း လုပ်တဲ့ နေရာမှာ သုံးကြပေမယ့် အခုလူငယ်တွေက ပျော်ပွဲရွှင်ပွဲတွေမှာ အတော်သုံးလာကြတယ်။ သုံးတာ များလာရင် မသုံးရမနေနိုင်တာတွေ ဖြစ်လာတယ်။ စိတ်မတည်ငြိမ်မှုတွေ ဖြစ်တယ်။ ကျောက်ကပ် အသဲထိလို့ အချို့ဆေးရုံအထိ သွားရတာရှိတယ်။ အသိပညာပေးမှုတွေ များများလုပ်နိုင်မှ အဆင်ပြေမယ်” ဟု ဝင်းရေးမြို့နယ် ဒေသခံတစ်ဦးက ပြောသည်။

ထိုင်းနိုင်ငံအစိုးရမှ မူးယစ်ဆေးဝါးအပင်များအား သုံးစွဲမှုခွင့်ပြုပြီးနောက်ပိုင်း ထိုင်း-မြန်မာနယ်စပ်နှင့် နီးစပ်သည့် KNU ဒူးပလာယာခရိုင်အတွင်းရှိ မြို့နယ်များတွင် မူးယစ်ဆေးဝါးသုံးစွဲစိုက်ပျိုးမှုအပေါ် သက်ရောက်မှုများစွာရှိ လာခဲ့ပြီး လူငယ်များ၏ အနာဂတ်ရှင်သန်နိုင်ရေးနှင့် ပြည်သူများ၏ ဘဝလုံခြုံမှု အတွက် မူးယစ်ဆေးဝါးသုံးစွဲ ရောင်းဝယ်မှုများအား တားမြစ်သည့်စည်းကမ်းချက်များ ထုတ်ပြန်ရခြင်း ဖြစ်သည်ဟု KNU တာဝန်ရှိသူများက ပြောသည်။