မန်းတောလောင်း
(ဇူလိုင်လ ၂၆ရက်၊ ၂၀၁၁ခုနှစ်)
မြို့နယ် ၂၆မြို့နယ်။ ခရိုင် ၆ခရိုင်နှင့် ပေါင်းစည်းထားသော ဧရာဝတီတိုင်းဒေသကြီးတွင် နေထိုင်ကြသူများထဲတွင် ကရင် တိုင်းရင်းသားတို့သည် ဒုတိယ အများဆုံဖြစ်သည်။ အသေအချာ သန်းခေါင်စာရင်း ကောက်ကြည့်မည်ဆိုလျှင် ကရင်လူဦးရေ အများဆုံးဖြစ်မည်ဟု ယူဆကြသည်။ အဘယ့်ကြောင့်ဆိုသော် နောက်မွေးလာသော ကရင်မျိုးဆက်သစ်များသည် မိမိဘာသာ စကားကို မပြောတတ်ကြ၍လည်းကောင်း၊ သန်းခေါင်စာရင်းနှင့် မှတ်ပုံတင်တွင် ဗုဒ္ဓဘာသာဝင် ကရင်များကို ဗမာတိုင်းရင်း သားအဖြစ် စာရင်းသွင်း၍လည်းကောင်း၊ အခြားတိုင်းရင်းသားနှင့် မွေးလာသော ကရင်များကို ဗမာလူမျိုး သွတ်သွင်း၍လည်း ကောင်း ထိုအကြောင်းများကြောင့် ကရင်လူမျိုးဦးရေသည် ဒုတတိယနေရာသို့ ဧရာဝတီဒေသကြီးတွင် ရောက်ရှိရခြင်း ဖြစ်ပေ သည်။
ပန်းတနော်မြို့နယ် ကရင်စာပေနှင့် ယဉ်ကျေးမှုသင်တန်း ကျင်းပရေး ကော်မတီ ဥက္ကဌ ဒေါက်တာမန်းခင်မောင်စိုး၏ ဟော ပြောချက်အရ ပန်းတနော်မြို့နယ်တွင် ၁၉၇၈-၇၉ စစ်တမ်းအရ မြို့နယ်လူဦးရေ ၁၆၀,၀၀ဝ အနက် ကရင်လူမျိုးသည် ၁၃၀,၀၀၀(၈၁.၂ရာခိုင်နှုန်း)ရှိပြီး ၂၀၁၁တွင် မြို့နယ်လူဦးရေ ၂၃၀,၀၀၀ကျော်အနက် ကရင်လူဦးရေ ၁၂၀,၀၀၀(၅၄ရာခိုင် နှုန်း)ရှိသဖြင့် ကရင်လူဦးရေ လျော့နည်းလာသည်ကို တွေ့ရကြောင်း ကရင်စာပေသင်တန်းဆင်းပွဲတစ်ခုတွင် ကြားလိုက်ရသ ဖြင့် ဧရာဝတီတိုင်းရှိ မြို့နယ်အသီးသီးတွင် မှန်မှန်ကန်ကန် သန်းခေါင်စာရင်း ကောက်ယူနိုင်လျှင် ကရင်လူဦးရေသည် အများ ဆုံးဖြစ်နိုင်ကြောင်း သိရှိရသည်။ ဧရာဝတီတိုင်း ၂၆မြို့နယ်ရှိ မြို့နယ်အသီးသီး၏ ဧရိယာတွင် နေထိုင်သော ကျေးရွာအများစု သည် ကရင်ရွာများဖြစ်သည်ကို တွေ့ရှိရသဖြင့် ဧရာဝတီတိုင်းသည် ကရင်လူမျိုးတို့၏ မူလဘူတ နေထိုင်ရာအထိုင်ဟု ပြော လျှင်မှားမည်မဟုတ်ပေ။
မြန်မာပြည်၏ စပါးကျီကို တည်ဆောက်ပေးသော ဧရာဝတီတိုင်းနေ ကရင်လူမျိုးတို့၏ စားဝတ်နေရေးသည် တနှစ်ထက်တနှစ် ဆုတ်ယုတ်နိမ့်ပါးလာခဲ့သည်။ အထူးသဖြင့် ဗုဒ္ဓဘာသာဝင် ပိုးကရင်လူမျိုးများသည် ပညာရေး၊ စီးပွားရေးတွင် ပို၍ နောက်ကျ ကျန်ခဲ့သည်ကို တွေ့ရသည်။ စီးပွားရေး နောက်ခံမကောင်းလျှင် ပညာရေးနိမ့်ပါးမည်။ ပညာရေးနိမ့်ပါးလျှင် လူမျိုးလည်း တိမ် ကောပပျောက်နိုင်သည်။ ခရစ်ယာန်ဘာသာဝင် ကရင်လူမျိုးများအနေဖြင့် ဆင်းရဲနိမ့်ကျမှုများ ရှိသော်လည်း ဘာသာရေး အ ထောက်အပံ့များ ရရှိကြသဖြင့် ပညာရေးတွင် ထွန်းထွန်းပေါက်ပေါက်ဖြစ်အောင် သင်ယူနိုင်ကြသည်။ ပညာဖြင့် အသက်မွေး ဝမ်းကျောင်းနိုင်သဖြင့် လူအောက်သူအောက်ကျမှု နည်းပါးသည်ကို သိရှိရသည်။
ယခုနှစ် ရာသီဥတု ဖောက်ပြန်၍ အချိန်မတိုင်ခင် ရွာသွန်းသောမိုးကြောင့် ဧရာဝတီတိုင်းရှိ ကရင်တောင်သူလယ်သမားများ၏ စပါးခင်းများ၊ ပဲခင်းများ၊ ငရုတ်ခင်းများ ပျက်စီးယိုယွင်းသဖြင့် အလွန် အထိနာခဲ့ကြသည်။ ဧရာဝတီတိုင်းအတွင်းရှိ မြို့ကြီးများ ဖြစ်ကြသည့် ပုသိမ်သို့လည်းကောင်း၊ မြောင်းမြ လပွတ္တာသို့လည်းကောင်း၊ မအူပင် ဖျာပုံ ဘိုကလေးသို့လည်းကောင်း ကားဖြင့် သွားလျှင် ကား ဝဲယာကိုကြည့်လျှင် တမျှော်တခေါ် ကျယ်ပြောလှသော လယ်ကွင်းပြင်ကြီးကို မြင်တွေ့ရပေလိမ့်မည်။ မိုးရာသီ တွင် စိမ်းလန်းသော စပါးခင်းများဖြင့် ပဏာရနေသည်။ ဆောင်းရာသီတွင်လည်း ပဲခင်း၊ ငရုတ်ခင်း၊ နွေစပါးတို့ဖြင့် အလှဂုဏ် ဝင့်နေသည်။
မြင်ရသူအဖို့ ပညာတင့် ဂုဏ်တင့်နေသော စိုက်ခင်းများသည် ဖောက်ပြန်သောမိုးကြောင့် လယ်သမားများ သောကဆူဝေခဲ့ကြ ရသည်။ မတ်ပဲတစ်တင်း သုံးသောင်းကျော် လေးသောင်း ရှိနေချိန်တွင် မိုးမိသော မတ်ပဲတစ်တင်းသည် ခြောက်ထောင် ခုနှစ် ထောင်မျှသာ ဈေးရကြသည်။ ဆွတ်ခူး၍ မပြီးမီ မိုးကြီးရွာသဖြင့် ငရုတ်ခင်းများ ပျက်စီးကြသည်။ လှန်းလက်စ ငရုတ်များကို လည်း မရုတ်သိမ်းနိုင်ကြ။
လူအများစု အခြေခံ ကရင်လယ်သမားများအဖို့ ငွေတိုးဖြင့် ချေးရင်းရသည့် စိုက်ပျိုးသီးနှံများ ယခုလို ပျက်စီးဆုံးရှုံးရသဖြင့် အ ကြွေးပူ၍ ဗလောင်ဆူကြရသည်။ ထိုအကြွေးပူကို ဖြေရှင်းရသည်က လယ်ယာမြေကို ပိုင်းစိတ်၍ရောင်းပြီး အကြွေးဆပ်ကြခြင်း ဖြစ်သဖြင့် ကရင်လယ်သမား အတော်များများ လယ်မဲ့ယာမဲ့ဘဝ ရောက်ကြရသည်။
လယ်ယာလုပ်ငန်းနှင့် အဆင်မပြေသဖြင့် သားသမီးများအား ပညာရေးကို ဆက်၍ မသင်ကြားပေးနိုင်။ ခါးပိုင်းကျိုး တပိုင်းတစ ပညာရေးဖြင့် မြို့တက်စားသောက်ဆိုင်၊ ကေတီဗွီ၊ အနှိပ်ခန်းတွင် ဝင်အလုပ်လုပ်ကြရသည်။ ကရင်လူငယ်တို့၏ ဘဝရှေ့ရေး သည် ရင်မောစရာပင်။ တချို့က မလေးရှား၊ စကင်္ာပူ၊ ထိုင်းတို့၌ ယောက်ျားလေးများက အထွေထွေ လုပ်သား၊ မိန်းကလေးများ က အိမ်ဖော်။ ကရင်တွေ သစ္စာရှိသည်ဆိုသော ဂုဏ်ပုဒ်ကလွဲ၍ ဘာအကျိုးအမြတ်မှ ရရှိလာသည်ကို မတွေ့ရ။
ခေတ်စနစ်၏ မတည်ငြိမ်မှုနှင့် မှားယွင်းမှု၊ မိုးလေဝသ ဖောက်ပြန်မှုတို့ကြောင့် အခြေခံလူတန်းစားတို့၏ ဘဝသည် ခါးသီးနာ ကျင်လှသည်။ လက်ဖက်ရည်ဆိုင်က ကျောင်းနေအရွယ်ကလေးများ၊ ကျူရှင်မယူနိုင်၍ ဘုန်းတော်ကြီးကျောင်းတွင် ပညာသင် နေကြရသော ကလေးငယ်များ၊ အဓမ္မစစ်သားအဖြစ် သွတ်သွင်းခံရသော ကလေးများကိုကြည့်လျှင် လူငယ်တို့၏ အနာဂတ်ကို အရိပ်မည်းကြီးက ထိုး၍နေသည့်အလား ရပ်၍မြင်ရသည်။ ရပ်ရွာအကျိုး၊ လူမျိုးအကျိုးကို ဆက်လက် တာဝန်ယူကြမည့် လူငယ်တို့၏ ဘဝသည် ယောင်ချာချာနှင့် စံချိန်မမှီသော ပြည်တွင်းဖြစ် အရက်ဆိုင်တွင် နစ်မွန်း၍ အချိန်ကုန်နေကြသည်။ လူ မသိသူမသိ တဖြုတ်ဖြုတ်နှင့် ကြွေကျကြရသော အနာဂတ် ကြယ်ပွင့်များ ဒုနှင့်ဒေးပင်။ ရှင်ကျန်နေသူများလည်း မျှော်လင့် ချက် ကင်းဝေးနေကြပြီ။
အဘယ်မည်သောသူတွေက ဝန်း၍ဝိုင်း၍ ကူညီကယ်မကြပါမည်နည်း။ ရင်မောလေစွ။