Home သတင်း တပ်မဟာ(၁) KNLA တပ်ဖွဲ့ဝင်အချို့ DKBA ဗိုလ်ဘိအဖွဲ့ထံ လက်နက်နှင့်တကွဘက်ပြောင်း

တပ်မဟာ(၁) KNLA တပ်ဖွဲ့ဝင်အချို့ DKBA ဗိုလ်ဘိအဖွဲ့ထံ လက်နက်နှင့်တကွဘက်ပြောင်း

5
Photo: Telegram

နိုဝင်ဘာ (၂၆) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးသထူ(သထုံ)ခရိုင်၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA မှ တပ်ခွဲမှူးအဆင့်အပါအဝင် တပ်ဖွဲ့ဝင်(၅)ဦးသည် ပြီးခဲ့သည့် နိုဝင်ဘာ (၂၁) ရက်နေ့က လက်နက်ခဲယမ်းများယူဆောင်ပြီး ဗိုလ်ဘိဦးဆောင်သည့် DKBA အဖွဲ့ထံ ဘက်ပြောင်းခိုလှုံသွားကြောင်း သိရသည်။

KNLA တပ်ရင်း(၁)၊ တပ်ခွဲ(၁) မှ တပ်ခွဲမှူးတာဝန်ယူထားသည့် တပ်ဖွဲ့ဝင်(၁)ဦးနှင့် တပ်ဖွဲ့ဝင်(၄)ဦးမှာ လက်နက် ၅ လက်နှင့် ခဲယမ်းများ ယူဆောင်ကာ စစ်အုပ်စုနှင့်စစ်ရေးလှုပ်ရှားမှုများ ပူးပေါင်းလုပ်ဆောင်နေသော DKBA ဗိုလ်ဘိ အဖွဲ့ထံ သွားရောက်ပူးပေါင်းခဲ့ခြင်းဖြစ်သည်ဟု KNLA တပ်မဟာ(၁) တပ်မဟာမှူး ဗိုလ်မှူးချုပ် စောစိုးမြင့်ထွေးက အတည်ပြုသည်။

“ဟုတ်ပါတယ် လက်နက်ငယ်၊ လက်နက်ကြီး ပါသွားတယ်။ သူတို့က ဖာပွန်နဲ့ ကတိုင်တိဘက် ရှေ့တန်းမှာ တာဝန်ကျတာ နှစ်ခေါက်၊ သုံးခေါက်လောက် ရှိတယ်” ဟု ဗိုလ်မှူးချုပ် စောစိုးမြင့်ထွေးက ပြောသည်။

၎င်းတို့သည် KNLA တပ်မဟာ(၁) တပ်ရင်း(၁)တွင် ဆယ်စုနှစ်ဖြင့်ချီ၍ တာဝန်ထမ်းဆောင်ခဲ့ကြသူများဖြစ်ကြောင်း တပ်မဟာမှူးက ဆိုသည်။

တော်လှန်ရေးတာဝန်ထမ်းဆောင်ခဲ့ကြသည့် သက်တမ်းကြာမြင့်သည့်တိုင်အောင် ယခုလို စစ်အုပ်စုနှင့်ပေါင်းပြီးစစ်ဆင်ရေးလုပ်နေသော ဗိုလ်ဘိအဖွဲ့ထံ ဘက်ပြောင်းသွားရသည့် အကြောင်းအရင်းအား KNLA အနေဖြင့် ဆက်လက်စိစစ်နေဆဲဖြစ်ကြောင်းလည်း သိရသည်။

နီးစပ်ရာသတင်းအရင်းအမြစ်အချို့ကမူ ၎င်းတပ်ဖွဲ့ဝင်များသည် KNLA တပ်ဖွဲ့ဝင်ဖြစ်နေချိန်ကတည်းက စစ်အုပ်စုနှင့် ဆက်ဆံရေးကောင်းမွန်သည့် ကရင်လက်နက်ကိုင်အဖွဲ့အချို့နှင့် ငွေကြေးကိစ္စ ပတ်သက်မှုရှိခဲ့သည်ဟု ဆိုသော်လည်း ကေအိုင်စီ-ကရင်သတင်းဌာနအနေဖြင့် သီးခြားအတည်ပြုလျက် ရှိသည်။

ကေအဲန်ယူ တပ်မဟာ(၁) ထိန်းချုပ်သည့်နယ်မြေတွင် ယခုလို KNLA တပ်ဖွဲ့ဝင်များ လက်နက်ခဲယမ်း ယူဆောင်ကာ တစ်ဖက်အဖွဲ့အစည်းထံ ဘက်ပြောင်းသွားသည့် ဖြစ်စဉ်မှာ ယခုတစ်ကြိမ် ပထမဆုံး ဖြစ်သည်ဟု တာဝန်ရှိသူများက ပြောသည်။

စစ်အုပ်စုကို ထောက်ခံသည့် ဝါဒဖြန့်မီဒီယာများကမူ ၎င်းတပ်ဖွဲ့ဝင်(၅)ဦး ဘက်ပြောင်းခိုလှုံသွားသည့်သတင်းကို လှုမှုကွန်ရက်ပေါ်၌ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေနေကြသည်။