Home သတင်း စစ်အုပ်စု၏ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများအတွက် တရားမျှတမှု ဖော်ဆောင်ရန် KWO တောင်းဆို

စစ်အုပ်စု၏ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများအတွက် တရားမျှတမှု ဖော်ဆောင်ရန် KWO တောင်းဆို

6

နိုဝင်ဘာ (၂၅) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

မြန်မာစစ်အုပ်စုက ကျူးလွန်နေသော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ အပါအဝင် အမျိုးသမီးများအပေါ် နိုင်ငံတော်အဆင့် အကြမ်းဖက်မှုများအတွက် တရားမျှတမှုနှင့် တာဝန်ခံမှု ဖော်ဆောင်ပေးရန် ကရင်အမျိုးသမီးအစည်းအရုံး (KWO) က ယနေ့၊ နိုဝင်ဘာ(၂၅)ရက်တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့တွင် တောင်းဆိုသည်။

ကျား-မ အခြေပြု အကြမ်းဖက်မှု ပပျောက်ရေး (၁၆) ရက်တာ လှုပ်ရှားမှု ဖွင့်ပွဲအဖြစ် ထုတ်ပြန်သည့် KWO ၏ ကြေညာချက်တွင် ဆယ်စုနှစ်များစွာအတွင်း မြန်မာနိုင်ငံတစ်ဝန်းရှိ တိုင်းရင်းသား လူမျိုးစုများ အမျိုးသမီးများနှင့် မိန်းကလေးငယ်များသည် စစ်အုပ်စု၏ မုဒိမ်းပြုကျင့်မှု၊ ညှဉ်းပန်းနှိပ်စက်မှုနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို ခံစားခဲ့ကြရကြောင်း ဖော်ပြထားခြင်းဖြစ်သည်။

အမျိုးသမီးများအပေါ် နိုင်ငံတော်အဆင့်ကျုးလွန်နေသည့် အကြမ်းဖက်မှုများကို ရပ်တန့်ရမည်ဖြစ်သလို စစ်အုပ်စုအကြမ်းဖက်မှုကို ခံစားခဲ့ကြရသည့်အမျိုးသမီးများ အပါအဝင် တိုင်းရင်းသားလူမျိုးစုများအပေါ် ကျူးလွန်ခဲ့သော ရာဇဝတ်မှုများအတွက် စစ်အုပ်စု၏ တာဝန်ခံမှုနှင့် တရားမျှတမှုရရှိရန် KWO က တောင်းဆိုသည်။

ကုလသမဂ္ဂက၏မှတ်တမ်းများအရလည်း မြန်မာစစ်အုပ်စုသည် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို စစ်ရေးမဟာဗျူဟာတစ်ခုနှင့် နိုင်ငံရေးအရ ဖိနှိပ်မှုတစ်ခုအဖြစ် ကျယ်ကျယ်ပြန့်ပြန့် စနစ်တကျ အသုံးပြုနေကြောင်း ထုတ်ပြန်ချက်တွင် မီးမောင်းထိုးပြသွားသည်။

ထို့အပြင် စစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲ နောက်ပိုင်း ဧပြီလမှ အောက်တိုဘာလအထိ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်ထားသည့် ကော်သူးလေနယ်မြေထဲတွင် အမျိုးသမီး(၄၁)ဦးသေဆုံးပြီး (၁၂၀)ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်းလည်း KWO က စာရင်းကောက်ယူပြုစုချက်အရ သိရသည်။

ကေအဲန်ယူခရိုင်(၇)ခု၌ စစ်ဘေးရှောင်စုစုပေါင်း ၁၂ သိန်းကျော်ရှိသည့်အနက် ထက်ဝက်ကျော်မှာ အမျိုးသမီးများနှင့် အသက်မပြည့်သေးသည့် မိန်းကလေးငယ်များ ဖြစ်သည်ဟု ဆိုသည်။ အမျိုးသမီးများအနေဖြင့် မျိုးဆက်ပွား ကျန်းမာရေးစောင့်ရှောက်မှု ကောင်းစွာမရသလို စစ်ဘေးရှောင်အခြေအနေနှင့် လက်လှမ်းမမီသည့် အခြေခံဝန်ဆောင်မှုများကြောင့် ရပိုင်ခွင့် ပြင်းထန်စွာချိုးဖောက်ခံနေရကြောင်း ဖော်ပြသည်။

ထို့အပြင် ထုတ်ပြန်ချက်တွင် နိုင်ငံတကာ တရားရုံး (ICJ) မှ ရိုဟင်ဂျာများ လူမျိုးတုံးသတ်ဖြတ်ခံရမှုကိစ္စ သမိုင်းဝင် စီရင်ချက် ချမှတ်သည်နှင့် စပ်လျဉ်း၍ KWO က ရိုဟင်ဂျာများအတွက် တရားမျှတမှုမှသည် တိုင်းရင်းသား လူမျိုးစုအားလုံးအပေါ် ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများအတွက် တာဝန်ခံမှုရှိရေးနှင့် တွဲဖက်လုပ်ဆောင်ရမည်ဟု ထောက်ပြသည်။

နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် သက်ဆိုင်ရာ အစိုးရများအနေဖြင့်လည်း ICJ စီရင်ချက် အကောင်အထည်ဖော်မှုကို ထောက်ပံ့ပေးရမည်ဖြစ်သလို လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများ၊ စစ်ရာဇဝတ်မှုများနှင့် ပဋိပက္ခနှင့်ဆက်နွှယ်သည့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများအတွက် နိုင်ငံတကာ တာဝန်ခံမှု လုပ်ငန်းစဉ်များကို ပိုမိုခိုင်မာအောင် လုပ်ဆောင်ပေးရန် KWO က တိုက်တွန်းတောင်းဆိုသွားသည်။

၎င်းတို့အနေဖြင့်လည်း အမျိုးသမီးများကို ကာကွယ်ခြင်း၊ အကြမ်းဖက်ခံရသူများကို ကူညီခြင်းနှင့် တရားမျှတမှု ရှာဖွေခြင်းတို့အတွက် ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းများနှင့် ကော်သူးလေအတွင်း လုံခြုံရေးဂေဟာ ၁၅ ခု တည်ထောင်ခြင်း၊ မရှိမဖြစ်လိုအပ်သော ဝန်ဆောင်မှုများ ပံ့ပိုးခြင်း စသည်တို့ကို (၂၅)နှစ်တာကာလလုံး လုပ်ဆောင်ပေးနိုင်ခဲ့ကြောင်း သိရသည်။

ထိုနှစ်ကာလတစ်လျှောက် ကျား-မ အခြေပြု အကြမ်းဖက်မှုဆိုင်ရာ အမှုပေါင်း ၂,၇၀၀ ကျော်ကို KWO က ကူညီဖြေရှင်းပေးနိုင်ခဲ့သလို စစ်အုပ်စု အကြမ်းဖက်ခံရသူများ၏ အတွေ့အကြုံများကို နိုင်ငံတကာမျက်နှာစာသို့တင်နိုင်ခဲ့သလို တရားမျှတမှုအတွက် တောင်းဆိုမှုရှိခဲ့သည်ဟု KWO က ဆိုသည်။

၁၉၆၀ ပြည့်နှစ်၊ နိုဝင်ဘာ (၂၅) ရက်နေ့က ဒိုမီနီကန်သမ္မတနိုင်ငံတွင် အာဏာရှင်စနစ်ကို ဆန့်ကျင်လှုပ်ရှားခဲ့ကြသည့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ အမျိုးသမီး(၃)ဦး လုပ်ကြံသတ်ဖြတ်ခံရမှုကို အစွဲပြုပြီး ယနေ့ကို အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့အဖြစ် သတ်မှတ်ခဲ့ခြင်းလည်း ဖြစ်သည်။