ဧပြီ ၁၄ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ
မြ၀တီ မြို့ စစ်ကောင်စီ အုပ်ချုပ်ရေးပိုင်းမှ ရပ်ကွက်အလိုက် သင်္ကြန် မဏ္ဍပ် ဆောက်လုပ် ရေကစားရန် ညွှန်ကြားထားသော်လည်း ဧပြီလ ၁၄ရက် ယနေ့သင်္ကြန်အကျနေ့အထိ မြို့တွင်းရပ်ကွက်လမ်းများအတွင်း ရေကစားသူ မရှိသလို အပြင်သွားလာလည်ပတ်သူမရှိ ဖြစ်နေကြောင်း မြို့ခံများက ပြောသည်။
မြဝတီမြို့ခံတစ်ဦးက “မြို့ထဲရပ်ကွက် ရုံးတွေရှေ့ တော့ အုန်းလက်မဏ္ဍပ်တွေ ဆောက်ခိုင်းထားတာတွေ့ တယ် ၊ ရေဆော့သူတော့ မရှိဘူး၊ ရေပက်ခံထွက်ကြတဲ့ သူလည်းမရှိဘူး ၊ ကျမတို့လည်း အပြင်မထွက်ဘူး၊ ရပ်ကွက်ထဲက စစ်ကောင်စီ ဌာနဆိုင်ရာ ၀န်ထမ်းတွေကတော့ မြစန္ဒီပန်းခြံ၀င်းမှာ လုပ်ထားတဲ့ စစ်ကောင်စီ မဏ္ဍပ်မှာသွားပြီးကပြရတယ်၊ ဖွင့်ပွဲသွားတက်ကြတာတော့ တွေ့တယ်”ဟု ပြောသည်။
ယမန်နေ့ အကြိုနေ့တွင် မြို့ပြင်ဘက် လက်နက်ကြီးသံ ကြားရသလို မြဝတီ-ကော့ကရိတ် အာရှလမ်း တိုက်ပွဲဖြစ်ပြီး ကားမီးရှို့ခံရမှုများဖြစ်ပွားနေသည့်အတွက် အိမ်ရှိသားသမီးများကို အပြင်ပေးမထွက်ရဲကြောင်း၊ သင်္ကြန်တွင်းဆိုသော်လည်း တစ်ခုခုဖြစ်ပွားလာမည်ကို စိုးရိမ်သဖြင့် အိမ်ထဲ၌သာ နေထိုင်ပါက အကောင်းဆုံးဖြစ်သည်ဟုလည်း ၎င်းမြို့ခံက ဆက်ပြောသည်။
ကရင်ပြည်နယ်အတွင်း သင်္ကြန်ပွဲတော်အား ဖားအံ ၊ ကော့ကရိတ် ၊ မြ၀တီမြို့ ၊ ကြာအင်းဆိပ်ကြီးမြို့ များတွင် စစ်ကောင်စီ လက်အောက်ခံ ဌာနဆိုင်ရာများက စုဖွဲ့ ၍ သင်္ကြန်မဏ္ဍပ် ပြုလုပ်ကာ သီးခြား လုံခြုံရေး အစီအစဉ်ဖြင့် ကျင်းပနေကြ သည်ဟု သိရသည်။
တစ်ဖက်တွင်မူ ဧပြီလ ၁၃ ရက်နံနက်ပိုင်းက အာရှလမ်းပိုင်းတွင် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ညနေပိုင်းကော့ကရိတ်မြို့ စစ်ကောင်စီ သင်္ကြန်မဏ္ဍပ်အနီးဒရုန်းယာဉ် ဗုံးသီး ၂ လုံး ကြဲချတိုက်ခိုက်ခံရမှုကြောင့် ရဲတပ်ဖွဲ့ ၀င်အချို့ ထိခိုက်မှုရှိကြောင်း ကော့ကရိတ်ဒေသခံ ပြောစကားအရ သိရသည်။
ဖာပွန် မြိုနယ်ဘက်တွင်လည်း တိုက်ပွဲများ ဖြစ်ပွားနေကာ လှိုင်းဘွဲမြို့ ဒေသအနီးတစ်ဝိုက်ကျေးရွာများဘက် တွင်လည်း စစ်ကောင်စီတပ်များ အင်အားတိုးချဲ့ နေရာယူလာမှုများကြောင့် KNU တပ်မဟာ ၇ ၏ KNLA ပူးပေါင်း တပ်ဖွဲ့များနှင့် စစ်ရေးတင်းမာမှုများရှိလာနေကြောင်း သိရသည်။




















