မတ်လ ၇ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ် မြဝတီမြို့မရဲစခန်း အနောက်ဘက်ခြမ်းနှင့် ကိုက် ၅၀ ခန့် အကွာတွင် ယမန်နေ့ မတ်လ ၆ရက်၊ ည ၉ နာရီခွဲခန့်က လက်လုပ်မိုင်း (၁) လုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
မြဝတီမြို့မရဲစခန်း၏ အနောက်ဘက် ကိုက် ၅၀ ခန့်အကွာ ဗိုလ်ချုပ်လမ်းနှင့် ဦးအောင်ဇေယျလမ်းထောင့်မီးပွိုင့် အနီးယာဉ်ထိန်းတပ်ဖွဲ့ယာယီ နားနေသည့် အဆောက်အဦးနံဘေး ရေမြောင်းတွင် ပေါက်ကွဲမှု ဖြစ်သွားခဲ့ခြင်းဖြစ်သည်ဟု ဒေသအာဏာပိုင်အဖွဲ့နှင့် နီးစပ်သူတစ်ဦး၏ ပြောကြားမှုမှ သိရသည်။
“ပေါက်ကွဲသံက အတော်လေးကို ကျယ်တယ်။ အိမ်ခေါင်မိုးပေါ်ထိ ယမ်းစတွေ လားတော့မသိဘူး အများကြီး ကျလာတယ်” ဟု ယင်းဖြစ်စဉ်နေရာအနီး နေထိုင်သူတစ်ဦးက ပြောသည်။
မိုင်းပေါက်ကွဲခဲ့သည့်ဖြစ်စဉ်နေရာသို့ ရဲတပ်ဖွဲ့နှင့် ဒေသအာဏာပိုင်အဖွဲ့များ ရောက်ရှိလာပြီး စစ်ဆေးမှုများ ပြုလုပ်နေသည်ဟုလည်း ၎င်းက ဆက်ပြောသည်။
အဆိုပါ လက်လုပ်မိုင်း ပေါက်ကွဲမှုကြောင့် တစ်စုံတစ်ရာ ထိခိုက်ဒဏ်ရာရသူ မရှိကြောင်း သိရသည်။




















