Home သတင်း အမျိုးသား‌ခေါင်း‌ဆောင်ကြီးများ၏ နိုင်ငံ‌ရေး လမ်းစဉ်အတိုင်း ‌လျှောက်လှမ်းရန် ဧရာဝတီ ကရင်လူငယ်များ တိုက်တွန်း

အမျိုးသား‌ခေါင်း‌ဆောင်ကြီးများ၏ နိုင်ငံ‌ရေး လမ်းစဉ်အတိုင်း ‌လျှောက်လှမ်းရန် ဧရာဝတီ ကရင်လူငယ်များ တိုက်တွန်း

1535

ဒီဇင်ဘာ ၂၇ ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

ကရင်လူမျိုးများအ‌နေဖြင့် အမျိုးသား‌ခေါင်း‌ဆောင်ကြီးများ၏ ချမှတ်ထားသည့် နိုင်ငံ‌ရေးလမ်းစဉ်အတိုင်း စည်း လုံးညီညွတ်စွာ ‌လျှောက်လှမ်းကြရန် ဧရာဝတီတိုင်းကရင်လူငယ်များ (Ayeyarwaddy Karen Youth- AKY) က ယမန်‌နေ့ ဒီဇင်ဘာလ ၂၆ ရက် ‌နေ့စွဲဖြင့် ‌ကြေညာချက်ထုတ်ကာ တိုက်တွန်း နှိုး‌ဆော်လိုက်သည်။

လာမည့် နှစ် ဇန်နဝါရီလ ၂ ရက်‌နေ့တွင် ကျ‌ရောက်မည့် ကရင်အမျိုးသား နှစ်သစ်ကူး‌နေ့အတွက် ထုတ်ပြန်သည့် အဆိုပါ လူငယ်များ၏ တိုက်တွန်းချက်သည် ကိုယ့်ကံကြမ္မာဖန်တီးနိုင်ခွင့်အတွက် အမျိုးသား‌ခေါင်း‌ဆောင်ကြီး ‌စောဘဦးကြီး ချမှတ်ထားသည့် လမ်းစဉ်အတိုင်း ဆက်လက်‌လျှောက်လမ်း‌နေဆဲ ‌ခေါင်း‌ဆောင်များ၏ နိုင်ငံ‌ရေး လမ်းစဉ်အ‌ပေါ် ကရင်လူထုအပါအဝင် မိခင်အစည်းအရုံးမှ ခွဲထွက်သွားသည့် ကရင့်လက်နက်ကိုင် အဖွဲ့အ စည်းများအ‌နေဖြင့် ဝိုင်းဝန်းသွားရန် ယခုလို တိုက်တွန်းခြင်းဖြစ်သည်ဟု ဆိုသည်။

AKY ၏‌ပြောခွင့်ရ ကရင်လူငယ်တစ်ဦးက “မိခင်အစည်းအရုံး KNU အ‌နေနဲ့ ကရင်အမျိုးသားပန်းတိုင်ကို မယိုင်မ လှဲဘဲနဲ့ ‌ဆောင်ရွက်‌နေတယ်။ ဒီ‌ဆောင်ရွက်‌နေတဲ့အ‌ပေါ်မှာ ကျ‌နော်တို့ ကရင်လူထု‌တွေက စည်းလုံးညီညွတ်စွာနဲ့ ‌ထောက်ပံ့ဖို့ လိုတယ်။ ပြီး‌တော့ ကိုယ့်ကြမ္မာဖန်တီးခွင့်အတွက် ကြိုးပမ်း‌နေတဲ့မိခင် အစည်းအရုံး ‌အောက်မှာ ခွဲထွက်သွားတဲ့ ကရင့်လက်နက်ကိုင်‌တွေအ‌နေနဲ့ ပြန်လည်စုစည်းဖို့ အချိန်လည်း ကျ‌ရောက်ပြီး ဖြစ်တဲ့အတွက် အခုလို တိုက်တွန်းရခြင်းဖြစ်တယ်” ဟု ‌ကေအိုင်စီ သို့ ‌ပြောသည်။

ထို့အပြင် လာမည့်နှစ် ကျ‌ရောက်မည့် ကရင့်နှစ် ၂၇၆၁ ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူး‌နေ့တွင် ကရင်အမျိုးသား အလံ လွှင့်ထူခြင်း၊ အ‌လေးပြုခြင်းအပြင် စစ်‌ဘေးသင့်‌နေရသည့် ကရင်လူထုများအပါအဝင် အဖိနှိပ်ခံ လူမျိုးများ အတွက် မိမိတို့ ယုံကြည်ရာဘာသာဖြင့် ဆု‌တောင်းခြင်းပြုလုပ်ရန်လည်း ယမန်‌နေ့ ထုတ်ပြန်ချက်တွင် တိုက်တွန်းထားသည်။

ကရင်လူမျိုးများသည် အာဏာရှင် အဆက်ဆက်ကို နှစ်‌ပေါင်း ၇ဝ ‌ကျော်ကြာ ခုခံ‌တော်လှန်ခဲ့ပြီး အာဏာရှင်တို့ ၏ ဖိနှိပ်ယုတ်မာမှု၊ လူ့အခွင့်အ‌ရေးချိုး‌ဖောက်မှု၊ Crime against humanity ကျူးလွန်မှုများ‌ကြောင့် ကရင်လူ မျိုးအ‌နေနှင့် ‌နေရပ်‌ဒေသများကို စွန့်ခွာကာ ဆင်းရဲ ဒုက္ခကြီးစွာ စစ်‌ဘေး‌ရှောင်‌နေကြရသည်မှာ လက်ရှိ အချိန် အထိပင် ဖြစ်‌ကြောင်း ၊ လက်ရှိတွင် အကြမ်းဖက် စစ်‌ကောင်စီ၏ လူမဆန်စွာ ၊ ဖိနှိပ်အကြမ်းဖက်၊ သတ်ဖြတ်လုပ် ရပ်များ‌ကြောင့် အပြစ်မဲ့ပြည်သူများနှင့် မျိုးဆက်သစ်လူငယ်များစွာ အသက်ဆုံးရှုံး‌နေရ‌ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ဆက်လက်ပြီး ကရင်အမျိုးသား နှစ်သစ်ကူးများ ပြုလုပ်ခြင်းများတွင် မူရင်းအနှစ်သာရ ပျက်‌အောင် အုပ်စိုးသူ လူတန်းစားများနှင့် ၎င်းတို့ကို သစ္စာခံကြသည့် ကရင်‌ခေါင်း‌ဆောင်တချို့မှ ဖန်တီးလုပ်‌ဆောင်လာခြင်းများ ရှိသည့်အ‌ပေါ် ယခု ပြုလုပ်မည့် နှစ်သစ်ကူးတွင် မည်သည့်‌ထောက်ပံ့မှု လွှမ်းမိုးမှု မရှိဘဲ စု‌ပေါင်းအင်အားဖြင့် သာ ရိုးရာဓ‌လေ့ကို ဆက်လက်ထိန်းသိမ်းသွားရန်လည်း ဆက်လက်တိုက်တွန်းထားသည်။

ယခုလာမည့် ကရင်နှစ် ၂၇၆၁ ခုနှစ်အတွက် ကရင်အမျိုးသား နှစ်သစ်ကူး‌နေ့သည် လာမည့် ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်‌နေ့ တွင် ကျ‌ရောက်မည်ဖြစ်သည်။ ယခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးပွဲ‌တော်ကို ကရင်အမျိုးသားနှစ်သစ်ကူးပွဲ‌တော်ကျင်းပ‌ရေး ဗဟို‌ကော်မတီ(ရန်ကုန်)နှင့် ကရင်ပြည်နယ် အပါအဝင် ကရင်လူမျိုးများ‌နေထိုင်ရာ အရပ်‌ဒေသအချို့တွင် ကျင်းပပြုလုပ်သွားမည်ဟု သိရှိရသည်။