Home သတင်း နတ်သံကွင်း‌ဒေသ စားကျက်‌မြေအငြင်းပွားမှုကိစ္စ တာဝန်ရှိသူများ ‌ဖြေရှင်း‌ပေးရန် လိုအပ်

နတ်သံကွင်း‌ဒေသ စားကျက်‌မြေအငြင်းပွားမှုကိစ္စ တာဝန်ရှိသူများ ‌ဖြေရှင်း‌ပေးရန် လိုအပ်

3208

ဇူလိုင် ၄ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ နန်း‌ဝေဖြိုးဇာ

ပဲခူးတိုင်း‌ဒေသကြီး ‌ကျောက်ကြီးမြို့နယ် နတ်သံကွင်း‌ဒေသတွင် ‌ဒေသခံအချင်းချင်းကြား ဖြစ်ပွား‌နေသည့် စား ကျက်‌မြေ အငြင်းပွားမှုပြဿနာနှင့်ပတ်သက်၍ ပိုမို မကြီးထွား‌စေရန်အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများမှ ဝင်‌ရောက်‌ဖြေရှင်းရန်လိုအပ်သည်ဟု ‌ဒေသခံများက ‌ပြောသည်။

စားကျက်‌မြေဟု ‌ပြောဆိုသည့် ‌မြေ‌နေရာထဲတွင် ဝင်‌ရောက်လုပ်ကိုင်သူများနှင့် နွားများဝင်‌ရောက်‌ကျောင်း သူများ အကြား ပြီးခဲ့သည့် ဇွန်လ ၃ဝရက်‌နေ့မှစတင်၍ အချင်းချင်းကြား အငြင်းပွားမှုဖြစ်ပွားခဲ့ရာမှာ လက်ရှိ အချိန်ထိ ‌ပြေလည်မှုမရှိ‌သေးဘူးဟု ‌ဒေသခံတစ်ဦးဖြစ်သူ ‌စောစီပထရဲက ‌ကေအိုင်စီသို့ ယခုလို‌ပြောသည်။

၎င်းက “အခုက ရွာသားအချင်းချင်းပဲ ပဋိပက္ခဖြစ်တယ်။ သက်ဆိုင်ရာတာဝန်ရှိသူ‌တွေက လာ‌ဖြေရှင်း‌ပေး‌နေ တာ မရှိ‌သေးဘူး။ ဒီလိုအချင်းချင်း ပဋိပက္ခဖြစ်တာ မြင်‌တော့ စိတ်မ‌ကောင်းဘူး။ စားကျက်‌မြေမှာ ဝင်‌ရောက် လုပ်ကိုင်‌နေတဲ့လူ‌တွေက လုပ်တယ်။ ပြီး‌တော့ စားကျက်‌မြေပြန်ရဖို့ နွားဝင်‌ကျောင်းတဲ့သူ‌တွေ ‌ကျောင်း‌တော့ အချင်းချင်းပဋိပက္ခဖြစ်တာ‌ပေါ့” ဟု ‌ပြောသည်။

အဆိုပါ စားကျက်‌မြေသည် နတ်သံကွင်း‌ဒေသရှိ ဥသျှစ်ကုန်းရွာ၊ ‌ရေတွင်းကုန်းရွာ ၊ အုန်းပင်စုရွာ ၃ရွာ၏ ဧရိယာထဲတွင်ရှိပြီး စုစု‌ပေါင်း ၂၂၈ ဧကရှိသည်။ ယခင်က အများပိုင်စားကျက်‌မြေဖြစ်သလို လယ်ထွန် ဝင်‌ရောက်စိုက်ပျိုးလုပ်ကိုင်ခဲ့သူများအ‌နေဖြင့်လည်း ၎င်း‌မြေ‌ပေါ်တွင် နှစ်‌ပေါင်း ၂ဝ ‌ကျော်ကြာ ဝင်‌ရောက်လုပ် ကိုင်ခဲ့လျက်ရှိသည်ဟု ဆိုကြသည်။

စားကျက်‌မြေ ပြန်ရ‌ရေးအတွက် ‌တောင်းဆို‌နေသည့် ‌စောပိုးပိုးက “ဒီ‌မြေက ကျ‌နော်တို့ ‌ဒေသခံ‌တွေရဲ့ အများပိုင် စားကျက်‌မြေဖြစ်တယ် ။ ဒီ‌ဒေသမှာရှိတဲ့ကျွဲ၊ နွား‌တွေက ဒီစားကျက်‌မြေမရှိရင် အကုန်ဒုက္ခ‌ရောက်မယ်။ ကျ ‌နော်တို့‌ပြောတာက အများအတွက်ပဲ တစ်ဦးတစ်‌ယောက်အတွက် မဟုတ်ဘူး။ ရှိထားတဲ့ စားကျက်‌မြေကို စား ကျက်‌မြေအတိုင်းပဲ ပြန်ဖြစ်ချင်တယ်။ ဒီကိစ္စကို အခုဌာနဆိုင်ရာ‌တွေကို တင်ပြခဲ့တာရှိတယ်။ အခု‌တော့ လာ ရှင်း‌ပေးတာမရှိ‌သေးဘူး။” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အမျိုးသားဒီမိုက‌ရေစီအဖွဲ့( အဲန်အယ်လ်ဒီ)အစိုးရ တက်လာသည့်‌နောက်ပိုင်းတွင် ယင်းစားကျက်‌မြေ‌ပေါ်တွင် ဝင်‌ရောက်ကျူး‌ကျော်ခြင်း မပြုရန်အတွက် ဌာနဆိုင်ရာဘက်မှ ဆိုင်းဘုတ်များ ဝင်‌ရောက်စိုက်ထူထားမှုရှိ‌သော် လည်း ‌ဖြေရှင်း‌ပေးခြင်းမဟုတ်သည့်အတွက် ဝင်‌ရောက်လုပ်ကိုင်ခဲ့သူများဘက်မှ ဆက်လုပ်ကိုင်‌နေဆဲဖြစ်သည် ဟု ‌ဒေသခံများက ‌ပြောသည်။

အဆိုပါ စားကျက်‌မြေ‌နေရာတွင် ဝင်‌ရောက်စိုက်ပျိုးလုပ်ကိုင်သည့် ‌တောင်သူများမှာ နှစ်‌ပေါင်း ၂၀‌ကျော်ကြာ လုပ်ကိုင်လာသူများဖြစ်သလို အစိုးရမှ နှစ်စဉ်သီးစား‌ပြေစာ ထုတ်‌ပေးထားခြင်းရှိခဲ့သည့်အတွက် တရားဝင် လုပ်ခြင်းဖြစ်သည်ဟုလည်း ဝင်‌ရောက်လုပ်ကိုင်သူ ‌တောင်သူတစ်ဦးဖြစ်သည့် ‌စော‌မောင်သန်းလွင်က ယခုလို ‌ပြောသည်။

“ ခြုံ‌တွေနဲ့ရှိတဲ့‌မြေကို အရင်စစ်အာဏာရှင်တုန်းက ဝင်‌ရောက်ရှင်းခိုင်းခဲ့တယ် ။ ရှင်းပြီး လုပ်ခွင့်‌ပေးလို့ လုပ်ခဲ့ တယ် ၊ လုပ်တာလည်း နှစ်‌ပေါင်းကြာခဲ့ပြီး အခုဆိုရင်လည်း ကျွဲ၊ နွားသိပ်မရှိ‌တော့ဘူး။ စက်မှုထွန်းကား လာ တဲ့အမျှ စက်‌တွေနဲ့ပဲ လယ်ထွန်ကြတယ် ။ လုပ်တာကို အရင်တုန်းက ဘယ်သူမှ ဘာမှမ‌ပြောဘူး။ ၂၀၁၇ ခုနှစ် ကစပြီး အခု၂၀၂ဝ ခုနှစ်အထိပဲ စပါးကျဲရင် နွား‌တွေ‌မောင်းသွင်းတယ်။ အခုအစိုးရလက်ထက်မှာ စားကျက် ‌မြေမကျူး‌ကျော်ရ ဆိုင်းဘုတ်‌တွေလာ‌ထောင်တယ် ။ တစ်ခြား‌နေရာမှာ လုပ်ကိုင်လို့ရတယ်။ ကျ‌နော်တို့ ‌နေရာ မှာပဲ ဒီလိုပြဿနာဖြစ်တာ၊ ဘာ‌ကြောင့်လဲ‌ပေါ့ သိချင်တယ်” ဟု ‌စော‌မောင်သန်းလွင်က ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ‌ဒေသသည် အစိုးရနှင့် KNU -ကရင်အမျိုးသားအစည်းအရုံး ‌ညောင်‌လေးပင်ခရိုင် (တပ်မဟာ ၃ ) တို့ နှစ်ဖက်‌ရော‌နှောအုပ်ချုပ်သည့် ‌ဒေသဖြစ်ပြီး ၎င်းစားကျက်‌မြေကိစ္စနှင့်ပတ်သက်၍ ‌ဒေသခံများမှ ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် ကတည်းက သက်ဆိုင်ရာတာဝန်ရှိသူများထံ တင်ပြထားမှုရှိ‌သော်လည်း လက်ရှိအချိန်ထိ နှစ်ဖက် တာဝန်ရှိသူများက လာ‌ရောက်‌ဖြေရှင်း‌ပေးခြင်းမရှိ‌သေး‌ကြောင်း ‌ဒေသခံ‌ပြောဆိုချက်အရ သိရသည်။

KNU ‌ညောင်‌လေးပင်ခရိုင် လယ်ယာ‌မြေစိုက်ပျိုး‌ရေးဌာန အတွင်း‌ရေးမှူး ပဒို‌စောဟဲ‌ဂေက “ဒါက နှစ်ဖက်အုပ် ချုပ် ‌သောနယ်‌မြေဖြစ်တဲ့အတွက် နှစ်ဖက်ပူး‌ပေါင်းပြီး ဘယ်လို‌ဆောင်ရွက်ရမလဲဆိုတာ ညှိနှှိုင်းဖို့လိုတယ်။ လယ်ထွန်တဲ့လူ‌တွေကလည်း ဆယ်စုနှစ် တစ်ခု‌ကျော်သွားပြီး။ ထွန်တဲ့လူ‌တွေကလည်း စားကျက်‌မြေလို အပ် မှာပဲ၊ ပြီး‌တော့ ကျွဲ၊ နွား‌တွေရှိတဲ့လူ‌တွေကလည်း စားကျက်‌မြေ‌တော့ လိုအပ်မှာပဲဆို‌တော့ ဒါကို ကျ‌နော်တို့ ဘယ်လို‌ဖြေရှင်းရမလဲဆိုတာ‌တော့ နှစ်ဖက်ညှိနှှိုင်းပြီး နည်းလမ်းရှာရမှာ‌ပေါ့” ဟု ‌ကေအိုင်စီသို့‌ပြောသည်။

ထို့အပြင် အဆိုပါ‌နေရာတွင် စားကျက်‌မြေပြန်လည်ထားရှိ‌ရေးအတွက် လိုလား‌နေသည့် ‌ဒေသခံများအ‌နေဖြင့် ထို‌မြေထဲတွင် နွားများသွင်းပြီး‌ကျောင်းခဲ့ခြင်း‌ကြောင့် စပါးစိုက်သည့် ‌တောင်သူများ၏ ပျိုးပင်များပျက်စီးခဲ့သည့် အတွက် နွားပိုင်ရှင်များကိုလည်း ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်က သီးပင်ဖျက်ဆီး‌စေမှုဖြင့် ‌တောင်သူများက ပြန်လည် တရားစွဲဆိုထားခြင်းလည်းရှိခဲ့သည်ဟု သိရသည်။