ဇန်နဝါရီလ ၃ရက်။ စောကျော်ခွီး (ကေအိုင်စီ)
ဩစတြေးလျား ကရင်အဖွဲ့အစည်းမှ ကြီးမှူးကျင်းပသော ဩစတြေးလျားနိုင်ငံလုံးဆိုင်ရာ ကရင်လူငယ်နှီးနှောဖလှယ်ပွဲတခုကို ဗစ်တိုးရီးယားပြည်နယ် မဲလ်ဘုမ်းမြို့ Kangroobie ဒေသတွင် ပြီးခဲ့သည့် ဒီဇင်ဘာ ၂၇ရက်မှ ၃၁ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ ရာ လူပရိဿတ် ၂၃ဝဦးကျော် လာရောက်ခဲ့ကြသည်ဟု သိရသည်။
၎င်းနှီးနှောဖလှယ်ပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ဖြစ်မြောက်ရေးကော်မတီခေါင်းဆောင် စောသာတောက ကရင်လူငယ် များ မိမိတို့၏ ရိုးရာယဉ်ကျေးမှု၊ စာပေ၊ အမျိုးသားတော်လှန်ရေးအပြင် မြန်မာ့နှင့် ကမ္ဘာ့အခြေအနေကို တတိယနိုင်ငံရောက် လူငယ်များ မျက်ခြေမပြတ်ကြစေရန် ရည်ရွယ်ကျင်းပရခြင်းဖြစ်ကြောင်း ပြောဆိုခဲ့သည်။
သူက “ကရင်လူငယ်တွေ တတိယနိုင်ငံကို ရောက်သွားကြပေမယ့် ကိုယ့်အခြေအနေမှန်ကို မမေ့မလျော့ဘဲ ကြိုးစားလုပ်ကိုင် ကြဖို့ ရည်ရွယ်ပြီး ကျင်းပရတာပါ။ တနေ့ထက်တနေ့ တိုးတက်ပြောင်းလဲလာတဲ့ လူ့အသိုင်းအဝိုင်းရေစီးကြောင်းကို အမှီလိုက် ပြီး ကိုယ့်လူမျိုးဘဝကို ပြန်လည်ကူညီဖေးမနိုင်အောင်၊ ကရင့်အရေးလှုပ်ရှားမှုတွေမှာ တက်ကြွစွာ ပါဝင်လုပ်ဆောင်နိုင်ကြဖို့နဲ့ ကရင်လူတော်လူကောင်းတွေ များများပေါ်ထွန်းလာနိုင်ရေးအတွက်လည်း ရည်ရွယ်ပါတယ်။ အခု စီမီနာက အင်မတန်မှ တိုး တက်အောင်မြင်လာတယ်။ ပထမအကြိမ်တုန်းကဆို ၃၉ယောက်နဲ့ စခဲ့ရတာ။ အခုဆို ၂၃၀ကျော် တက်ရောက်လာနိုင်တဲ့အ ပြင် စိတ်ပါဝင်စားမှုတွေ များများလာတာကို ပိုတွေ့ရတယ်။ လုပ်နိုင်တာတွေက အားကစား၊ လူငယ်ကွန်ယက် စည်းစည်းလုံး လုံးနဲ့ ပါဝင်လှုပ်ရှားလာနိုင်ခဲ့တယ်။”ဟု ဆိုသည်။
ထိုကရင်လူငယ်နှီးနှောဖလှယ်ပွဲသို့ ထိုင်း-မြန်မာနယ်စပ်မှ KWO ကိုယ်စားလှယ်၊ နိုင်ငံခြားသားအချို့၊ Australia National University မှ လေ့လာသူ ပညာရှင်များ၊ ဩစတြေးလျားပြည်နယ်အသီးသီးမှ ကရင်လူငယ်လူကြီးများ စုစုပေါင်း ၂၃ဝဦးကျော် တက်ရောက်ခဲ့ကြသည်။
ငါးရက်ကြာကျင်းပသည့် ထိုနှီးနှောဖလှယ်ပွဲကို ဩစတြေးလျား ကရင်အမျိုးသားအဖွဲ့အစည်း AKO မှ ကြီးမှူးကျင်းပပေးခြင်း ဖြစ်ပြီး ကရင့်သမိုင်းကြောင်းများ၊ ရိုးရာစာပေယဉ်ကျေးမှု၏တန်ဖိုး၊ ကဗျာလကင်္ာအရေးပါပုံများ၊ ကရင့်တော်လှန်ရေးသမိုင်း၊ ကရင်အမျိုးသားရေးမူဝါဒ လေးချက်၊ KNU ညီလာခံနှင့် ခေါင်းဆောင်မှုဆိုင်ရာ လိုက်နာရမယ့် အချက်အလက် စသည်တို့ကို သင်ကြားပို့ချခဲ့ကြသလို ဩစတြေးလျားရောက် ကရင်လူငယ်များက အဖွဲ့လေးဖွဲ့ ဖွဲ့ပြီး သီချင်းဆိုပြိုင်ပွဲများ၊ ပြဇာတ်များ၊ စကားပြောပြိုင်ပွဲများကို ပြုလုပ်ကာ ဆုပေးခဲ့ကြသည်ဟု သိရသည်။
“လူကြီးတွေက အမျှော်အမြင်ရှိစွာနဲ့ လူငယ်နှီးနှောဖလှယ်ပွဲကို အခုလို လုပ်ပေးခြင်းအားဖြင့် မျိုးဆက်သစ် ကရင်လူငယ်တွေ အတွက် ပြန်လည် ပြုစုပျိုးထောင်ပေးရာရောက်သလို ဆက်သွယ်မှုကွန်ယက်တွေ ခိုင်မာလာပြီး ကရင့်ရေးရာအားလုံးအတွက် အားကောင်းစွာ ပိုမိုလုပ်ဆောင်လာနိုင်ကြလို့ ကျနော်တို့ ယုံကြည်ပါတယ်။ ဒီကရင်လူငယ်နှီးနှောဖလှယ်ပွဲမှာ ကရင်လူငယ် တွေ နယ်စပ်ကို ပြန်လည်ထောက်ပံ့ဖို့နဲ့ တော်လှန်ရေးအပေါ် ဝိုင်းဝန်းထောက်ခံကြဖို့ သဘောထားတွေ ချမှတ်ခဲ့ကြတယ်။ ယခုလို လူငယ်တွေ တက်ကြွလှုပ်ရှားပြီး အမျိုးသားအသိတွေ ရှင်သန်နေတာက အင်မတန် အားရစရာပဲ။”ဟု နှီးနှောဖလှယ်ပွဲ တက်ရောက်ခဲ့သူ အနောက်ဩစတြေးလျား လူငယ်ခေါင်းဆောင် စောဟာရေက ပြောသည်။
ဩစတြေးလျား ကရင်အမျိုးသားအဖွဲ့ နေရှင်နယ် ဥက္ကဌ စောလွင်ဦးက “ကရင်လူငယ်မောင်မယ်များဟာ စစ်အစိုးရရဲ့ ထိုး နှက်ချက်များကို သတိရှိကြပြီး တဦးနဲ့တဦး မျိုးနွယ်စုတွေကို အခြေခံတဲ့ အစွန်းရောက်စိတ်မျိုး မထားမိအောင် နေရမယ်။ အ ပြန်အလှန် လေးစားတဲ့ စစ်မှန်တဲ့ စည်းလုံးညီညွှတ်မှုမျိုးရှိမှသာ မျှော်လင့်ချက်ပန်းတိုင်ကို ရောက်ရှိဆွတ်ခူးနိုင်မှာ ဖြစ်တယ်။ ကရင်တို့ရဲ့ မိရိုးဖလာ ရိုးရာယဉ်ကျေးမှု၊ စာပေ၊ ဓလေ့ ထုံးတမ်းများ မပျောက်ပျက်ရအောင် အဝေးရောက် လူငယ်တွေအနေ နဲ့ ဆက်လက်ထိန်းသိမ်းရမဲ့ တာဝန်ရှိတယ်။ နွေးထွေးပွင့်လင်းတဲ့ ချစ်ခင်ရင်းနှီးမှုနဲ့ တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ပြီး ဆက်သွယ်မှုကွန်ယက်တွေကို ဖြန့်ကျက်ထားရမယ်။ အနာဂတ်မျိုးဆက်သစ်တွေကလည်း မိမိအယူအဆထက် တမျိုးသားလုံး ရဲ့ အယူအဆကို အလေးအနက်ထား ဆောင်ရွက်ကြစေလိုပါတယ်။”ဟု လူငယ်နှီးနှောဖလှယ်ပွဲတွင် ပြောကြားခဲ့သည်။
အဆိုပါ နှီးနှောဖလှယ်ပွဲအပေါ် ထိုင်း-မြန်မာနယ်စပ်ရှိ KYO ဥက္ကဌ စောလှထွန်းက “အခုလို ပြည်ပရောက်လူငယ်တွေအနေနဲ့ ကိုယ့်အမျိုးသားရေးကို မမေ့လျော့တာ အင်မတန်မှ ကောင်းပါတယ်။ ဒါဟာ အနာဂတ် အမျိုးသားရေးအတွက်လည်း အလား အလာကောင်းတစ်ရပ်လို့ မြင်ပါတယ်။ တဆက်တည်းမှာပဲ နယ်စပ်က လူငယ်တွေနဲ့လည်း ပူးပေါင်းချိတ်ဆက်မှုတွေ ဒီထက်မ က ပိုမိုလုပ်သွားနိုင်ဖို့လည်း မျှော်လင့်ပါတယ်။”ဟု ပြောသည်။
သုံးပွင့်ဆိုင်ဆွေးနွေးမှုဖြစ်မြောက်လာရေး၊ တိုင်းရင်းသားရေး ဒီမိုကရေစီရေး၊ မြန်မာ့နိုင်ငံရေးဆိုင်ရာ လှုပ်ရှားမှုများကို တက်ကြွ စွာ လုပ်ဆောင်လျက်ရှိသည့် Australian Karen Organization (AKO) ကို ၁၉၉၆ခုနှစ်တွင် စတင် ဖွဲ့စည်းခဲ့ပြီး ကရင်လူငယ် နှီးနှောဖလှယ်ပွဲကို ၂၀၀ဝခုနှစ်မှစ၍ ၂နှစ်တကြိမ် ကျင်းပပေးခဲ့ခြင်းဖြစ်သည်။



















