ဇန်နဝါရီလ ၃ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်နှင့် မြဝတီခရိုင်တွင် လှုပ်ရှားနေသော နအဖစစ်တပ်များသည် ၎င်းတို့၏ တပ်ရိက္ခာ အခက်အခဲရှိလာသည့်အတွက် လက်ရှိအချိန်တွင် ဒေသခံလူများထံမှ ဆန်တောင်းယူစားသောက်နေရသည့် အခြေအနေအ ထိ ရောက်ရှိနေပြီဟု စုံစမ်းသိရှိရသည်။
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်ခွဲ ဘုရားသုံးဆူဂွင်တွင် လှုပ်ရှားနေသော နအဖစစ်တပ်များ ဖြစ်ကြသည့် စကခ(၁၂) လက်အောက်ခံ ခလရ(၂၈၃)နှင့် စကခ(၈)လက်အောက်ခံ (၄၀၅)၊ (၄၀၂)၊ (၄၀၆)တပ်ရင်းများသည် ရိက္ခာအခက်အခဲရှိလာ သည့်အပေါ် ယခု ဇန်နဝါရီလ ၁ရက်နေ့က ရပ်ကွက်လူကြီးများမှတဆင့် ဘုရားသုံးဆူမြို့ခံများထံမှ ဆန်ရိက္ခာ အတင်းအဓမ္မ တောင်းစားခဲ့သည်ဟု ဘုရားသုံးဆူမြို့ခံတဦးက ပြောသည်။
၎င်းက “တရပ်ကွက်ကို ဆန်တင်း ၄ဝ သတ်မှတ်ထားတယ်။ ရပ်ကွက်က ၄ရပ်ကွက်ဆိုတော့ တင်း ၁၆ဝ ပေးရတာပေါ့နော်။ ရပ်ကွက်လူကြီးတွေကတော့ အခုဆို လိုက်တောင်းနေတုန်းပဲ။ တချို့ရပ်ကွက်တွေကတော့ ကြံဖန်ပြီး ပေးပြီးကြပြီ။ မပေးနိုင် ရင်တောင်မှ အနည်းဆုံး ၃ပြည်လောက် ထည့်ရသေးတယ်။ မြို့ခံတွေက မရှိတဲ့ကြားက ပေးရတဲ့အခါကျတော့ တော်တော်ငြီး ငြူကြတယ်။”ဟု ပြောသည်။
နအဖစစ်တပ်များ၏ အဓိက ရိက္ခာသယ်ဆောင်သည့် တမိချောင်း၊ ကြာအင်းဆိပ်ကြီးမှ ဘုရားသုံးဆူ၊ သံဖြူဇရပ်မှ ဘုရားသုံး ဆူလမ်းကြောင်းများကို ကေအဲန်ယူတပ်မဟာ(၆)နှင့် နအဖတို့က နိုဝင်ဘာလလယ်ပိုင်းမှစ၍ ယနေ့အထိ ပိတ်ပင်ထားသည့်အ တွက် ယခုလို နအဖဘက်က ရိက္ခာအခက်အခဲ ဖြစ်လာရခြင်းဖြစ်ကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့ KNLA တပ်ရင်း(၁၆) တပ်ခွဲ(၂)မှ တပ်ခွဲမှူး ဗိုလ်ကြီးစောဘူ့ဂေက ပြောသည်။
ထို့အပြင် အဆိုပါ နအဖတပ်များသည် ထိုကဲ့သို့ ရိက္ခာအခက်အခဲပြဿနာကြောင့် ရပ်ကွက်အာဏာပိုင်များနှင့်ပူးပေါင်း၍ ဘုရားသုံးဆူရှိ ကွက်လပ်ခြံခင်းများကို မြေကွက်ချကာ ရောင်းချနေကြောင်း အမည်မဖော်လိုသည့် အခြားဘုရားသုံးဆူမြို့ခံ တဦးက ပြောသည်။
၎င်းက “နဗဟ(၁)မှူး ဗိုလ်မှူးကြီးသိန်းဇော်က ရယက၊ မရယကတို့နဲ့ပေါင်းပြီးတော့ ဘုရားသုံးဆူမှာရှိတဲ့ ကွက်လပ်ခြံခင်းတွေ ကို ပေ ၆၀၊ ၇ဝ မြေကွက်ချပြီးတော့ ကျပ် ၆ထောင်၊ ၇ထောင်အထိ ပြန်ရောင်းတယ်။ စစ်တပ်ရန်ပုံငွေလို့ ပြောကြတာပဲ။”ဟု ပြောသည်။
အလားတူ မြဝတီခရိုင်ရှိ ဝေါ်လေ၊ ကနဲလေး၊ ချူကလီး၊ မောခီးနှင့် ရှိုးကျိုး စသည့်နေရာများတွင် အခြေချလှုပ်ရှားနေသည့် နအဖ စစ်တပ်များလည်း ၎င်းတို့ရိက္ခာ သယ်ဆောင်လာမည့် လမ်းကြောင်းများတွင် ဒီကေဘီအေ၊ KNLA နှင့် ဗမာနိုင်ငံလုံးဆိုင် ရာ ကျောင်းသားတပ်မတော် (ABSDF) တို့၏ စောင့်ကြိုတိုက်ခိုက်မှုကြောင့် ရိက္ခာအခက်အခဲရှိလာကာ ဒေသခံလူထုများထံမှ ဆန်တောင်းယူ စားသောက်နေရသလို တောင်ယာခင်းရှိ ရွာသားများ သိုလှောင်ထားသော စပါးများကို ပိုင်ရှင်ခွင့်ပြုချက် မရှိ ဘဲ စားသုံးနေကြောင်း ဒေသခံများက ပြောသည်။
ထို့အပြင် နအဖ တပ်မ(၄၄)မှ ဗျူဟာတစ်ရင်းသည် ဝေါ်လေဒေသကို ထိုးဖောက်နိုင်ရန်အတွက် ယမန်နေ့က ဖားအံ၊ တောင် ကလေးနှင့် မော်လမြိုင်ရှိ ရာဇဝတ် အကျဉ်းသားမြောက်များစွာနှင့်အတူ ဖလူးလေးကျေးရွာရှိ ယခင်တပ်ဖွဲ့များတည်ရှိရာသို့ တပ်အင်အား ထပ်ဖြည့်လာသည်ဟု ဒီကေဘီအေ တပ်ဖွဲ့ဝင်များ၏ ပြောပြချက်အရ သိရသည်။
၂၀၁ဝခုနှစ် နိုဝင်ဘာလ ၈ရက်နေ့က စတင်ခဲ့သည့် နအဖနှင့် ဒီကေဘီအေတို့၏ ပစ်ခတ်မှုနောက်ပိုင်း ပြီးခဲ့သည့်အပတ်က နှစ် ဖက်တိုက်ပွဲအရှိန် လျော့နည်းလာခဲ့သော်လည်း ယခုနှစ်ဆန်းပို်င်းတွင် နအဖဘက်မှ လူအင်အား၊ လက်နက်အင်အားများ တိုး ချဲ့လာသောကြောင့် တိုက်ပွဲ ထပ်မံ ပြင်းထန်နိုင်ကြောင်း နယ်စပ်စစ်ရေး အခြေအနေ စောင့်ကြည့်သူများက ခန့်မှန်းနေသည်။


















