အောက်တိုဘာ ၁၇ရက်၊ ၂ဝ၁၉ ခုနှစ်။ နေနော်
လူကုန်ကူးခံရပြီး ထိုင်းနိုင်ငံအတွင်း လူမှုဖွံ့ဖြိုးတိုးတက်ရေးနှင့် လူထုလုံခြုံရေးဝန်ကြီးဌာန လက်အောက်ရှိဂေဟာ များတွင် လက်ခံစောင့်ရှောက်ထားသော မြန်မာနိုင်ငံသား ၅၄ ဦးတို့ အား မြန်မာနိုင်ငံ မြဝတီမြို့၊ အမှတ် (၃) ရပ်ကွက်၊ ဓိဌာန်အောင်စေတီတော်အနီးရှိ လူကုန် ကူးခံရသူများ ယာယီစောင့်ရှောက်ရေးဂေဟာသို့ ယနေ့ အောက်တိုဘာ ၁၇ ရက်၊ နံနက်က လာရောက်၍ ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။
မြဝတီမြို့သို့ ပြန်လည်ရောက်ရှိလာသူ မြန်မာနိုင်ငံသားများအား ပြန်လည်လက်ခံရာတွင် ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ လာရောက်ပို့ဆောင်လွှဲပြောင်း ပေးခဲ့ပြီး ပြန်လည်လက်ခံရေး အဖွဲ့ ခေါင်းဆောင် မြဝတီခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ခရိုင်ဦး စီးမှူး ဦးနေဝါထွန်းဦးဆောင်သောအဖွဲ့တို့က လက်ခံခဲ့ ခြင်းဖြစ်သည်။
အဆိုပါ လူကုန်ကူးခံရသူများကို ပြန်လည်လွှဲပြောင်း လက်ခံခြင်းလုပ်ငန်းကို မြန်မာနိုင်ငံ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူ ထောင် ရေးဦးစီးဌာန၊ ထိုင်းနိုင်ငံ လူထုဖွံ့ဖြိုးတိုး တက်ရေးနှင့်လူထုလုံခြုံရေး ဦးစီးဌာန၊ လူကုန်ကူးမှု တိုက်ဖျက်ရေးဌာနတို့နှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြစ် သည်ဟု ပြန်လည်ထူထောင် ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခိုင်စုလွင်က ပြောသည်။
“ဒီနေ့ ထိုင်းနိုင်ငံက လာရောက်လွှဲပြောင်းပေးတဲ့ လူကုန်ကူးခံရသူတွေကတော့ ထိုင်းနိုင်ငံ အတွင်းမှာ ထိုင်းနိုင် ငံရဲ့ဥပဒေအရ လူကုန်ကူးခံရပြီး ကယ်တင်ခဲ့တဲ့ လူတွေပေါ့နော်။ ထိုင်းနိုင်ငံရှိ လူမှုဖွံ့ဖြိုးတိုးတက်ရေးနှင့် လူထုလုံခြုံရေးဝန်ကြီးဌာန လက်အောက်ရှိ ဂေဟာတွေမှာ လက်ခံစောင့်ရှောက်ထားတယ်။ လူကုန်ကူးခံရသူ တွေကို မြန်မာနို်င်ငံဘက်ကလည်း မြန်မာ နိုင်ငံသား ဟုတ်မဟုတ် ပြန်လည်စိစစ်ပါတယ်။ သူတို့ရဲ ့မိသားစုတွေ မြန်မာနိုင်ငံမှာ ရှိမရှိ စုံစမ်းတဲ့ လုပ်ငန်းတွေကို ဆောင်ရွက်ပါတယ်။ ထိုင်းနိုင်ငံဘက်ကလည်း တရားစွဲဆိုရေး လုပ်ငန်းစဉ်တွေကို ဆောင်ရွက်ပြီးစီးတော့မှ နှစ်နိုင်ငံသဘောတူညီချက်နဲ့ပြန် လည်လွှဲ ပြောင်းပေးတာ ဖြစ်ပါ တယ်” ဟုပြောသည်။

မြန်မာနိုင်ငံအတွင်း အလုပ်အကိုင် အထိုက်အလျောက်ရှိသော်လည်း လုပ်ခလစာနည်းပါးခြင်း၊ အခြေခံလုပ် သားများအား အလုပ်အကိုင် အခွင့်အလမ်းမပေးနိုင်ခြင်းကြောင့် လုပ်အားခ ပ်ိုမိုရရှိသော ထိုင်းနိုင်ငံသို့ မြဝတီနယ်စပ်မှတဆင့် တရားဝင် MoU စနစ်ဖြင့် ထွက်ခွာသူ နေ့စဉ်ရာပေါင်းများစွာရှိပြီး အခြားနယ်စပ်ထွက်ပေါက်များမှလည်း တရားမဝင် ရွှေ့ပြောင်း သွားလာမှုများလည်းရှိနေသည်ဟု သိရသည်။
ယနေ့ ပြန်လည်ရောက်ရှိလာသူ ဧရာဝတီတိုင်း ငါးသိုင်းချောင်းမှ ကိုအောင်ဆန်းက “ မလေးရှားမှာ အလုပ်သွား လုပ်မယ်ဆိုပြီး ကော့သောင်းဘက်က သွားတာပါ။ ထိုင်းနိုင်ငံဘက်မှာ ၂၀၁၉ ဇန်နဝါရီလ ၂၉ ရက်နေ့မှာ အဖမ်း ခံခဲ့ရပါတယ်။ ဂေဟာမှာ ၆လ လောက်နေ ခဲ့ပြီးမှ အမှုကိစ္စတွေပြီးမှ မြန်မာနိုင်ငံဘက်သို့ ပြန်ပို့ခံရတာ ဖြစ်ပါ တယ်” ဟု ပြောသည်။
မိမိဒေသတွင် လယ်ယာလုပ်ငန်းသာရှိပြီး စပါးစိုက်ချိန်၌သာ အလုပ်အကိုင်ရှိခြင်းနှင် လုပ်အားခ နည်းပါး ခြင်းတို့ ကြောင့် ယခုလို ပြည်ပထွက်ခွာပြီး အလုပ်ထွက်ရှာရခြင်း ဖြစ်သည်ဟုလည်း ကိုအောင်ဆန်းက ဆက်ပြောသည်။
မြဝတီ ခရိုင်အမျိုးသမီးရေးရာအဖွဲ့မှ ဒေါ်စန်းစန်းအေးက “လူကုန်ကူးခံရပြီးတော့ ပြန်လာတဲ့ လူတွေကို ကျမတို့က အမျိုးသမီးတွေရော အမျိုးသားတွေကိုပါလာပြီးတော့ အားပေးစကား ပြောတယ်။ အဟာရဒါန ပြုပေးတာ ဖြစ်ပါတယ်။ လူကုန်ကူးခံရတာတော့ ပုံစံအမျိုးမျိုးရှိပါ တယ်။ တစ်ချို ့ကလည်း မရောက်ခင် ကတည်းက ဖမ်းဆီးခံရတာရှိသလို ပွဲစားတွေရဲ့ လူကုန်ကူးတာ ခံရသူတွေလည်း ရှိပါတယ်။ ဖြစ်နိုင်ရင် ကိုယ့်နိုင်ငံမှာ ကိုယ့်မိသားစုနဲ ့ အတူတကွ နေထိုင်ပြီး လုပ်ကိုင်စားသောက်တာ အကောင်းဆုံးပါပဲ။”ဟု ပြောသည်။
ယနေ့ မြဝတီမြို့သို့ ပြန်လည်ရောက်ရှိလာသူ မြန်မာနိုင်ငံသားများအား ခရိုင်လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့ အင်အားဆိုင်ရာရုံးမှ ခရိုင်ဦးစီးမှူး ဦးအောင်ခိုင်ရွှေ၊ အမှတ်(၁) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ (မြဝတီ) မှ တပ်ဖွဲ့စုမှူး ဒုရဲမှူး ရဲနေဝင်းအောင်၊ မြဝတီခရိုင် အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက ကြိုဆိုလက်ခံခဲ့ပြီး နှစ်သိမ့်အား ပေးစကားနှင့် အသိပညာပေးပြောကြားခဲ့သည်။
ထိုင်းနိုင်ငံအတွင်း လူကုန်ကူးခံရပြီး မြဝတီမြို့သို့ ပြန်လည်ပို့ ဆောင်လာသူများမှာ ဧရာဝတီ တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့မှ အများဆုံးဖြစ်ကြောင်းလည်း သိရသည်။



















